မြိတ်ကျွန်းစု၏ ရေမိုင် ၁၅၀ ခန့် ကွာဝေးသည့် ကမ်းလွန်လုပ်ကွက် M- 15 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ကို စမ်းသပ်ရှာဖွေအောင်မြင်ပါက CFG Energy Pte.Ltd မှ တနင်္သာရီတိုင်းအတွက် ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီးကို ရောင်းချပေးသွားမည်ဟု သိရသည်။
“ အခုက ကျွန်တော်တို့ စမ်းသပ်ရှာဖွေတဲ့ အဆင့်ပါ၊ တကယ်လို့ အောင်မြင်တယ်၊ ထွက်ရှိတယ်ဆိုလို့ ရှိရင် နိုင်ငံတော်အစိုးရဖြစ်တဲ့ MOGE ကိုလည်း သတ်မှတ်ချက်အတိုင်း ပေးသွင်းရမှာပါ၊ နောက်ပြီး ကျန်တဲ့ ဓာတ်ငွေ့တွေကို ပြည်တွင်းနှင့် ပြည်ပကို ထုတ်ယူရောင်းချသွားမှာ ဖြစ်တယ်”ဟု CFG Energy Pte. Ltd ကုမ္ပဏီ၏ တာဝန်ခံ ဦးကျော်မိုးက ပြောသည်။
ထို့အတွက် ဒေသခံလူထုနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၈ ရက်မှာ မြိတ်မြို့တွင် ပြုလုပ်ခဲ့ပြီး အောက်တို ဘာလ ၁၉ ရက်နေ့တွင် ကျွန်းစုမြို့နယ်၌ ပြုလုပ်သွားမည်ဟု သိရသည်။
ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို အများစုမှာ ပြည်တွင်း၌သာ အချိုးကျ သုံးစွဲသွားမည်ဟု ယနေ့ ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ကုမ္ပဏီဖက်မှ ပြောဆိုသွားခဲ့သည်။
“အခု CFG က လာထုတ်တော့ တနင်္သာရီတိုင်းအတွက် လျှပ်စစ်မီးတွေ ရမယ်ဆိုတော့ ပြည်သူတွေကလည်း ထောက်ခံသလို ကျွန်တော်တို့ကလည်း ကြိုဆိုပါတယ်၊ ငါးဖမ်းကွက်နဲ့လည်း ဝေးတော့ ကန့်ကွက်စရာ သိပ်မရှိဘူး” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ ဦးသက်စိုးက ပြောဆိုသည်။
အဆိုပါ CFG Energy Pte.Ltd ကုမ္ပဏီအနေဖြင့် ကမ်းလွန်လုပ်ကွက်အမှတ် M- 15 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေစမ်းသပ်ရန် တွင်းတူးခြင်း (Drilling Campaign) လုပ်ငန်းကို လာမည့် ၂၀၁၉ ခုနှစ်၊ ဒုတိယ ၃ လပတ်အတွင်း လုပ်ကိုင်မည်ဟု သိရသည်။
ကမ်းလွန်လုပ်ကွက်အမှတ် M- 15 တွင် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ တူးဖော်ရန် မစတင်မီ ESIA Report (Environmental Social Impact Assessment) သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုဆန်းစစ်ခြင်း ၊ လူမှုထိခိုက် နစ်နာမှု ဆန်းစစ်ခြင်းအစီရင်ခံစာ ရေးသားတင်ပြရန်အတွက် ပြင်သစ်အခြေစိုက် Artelia Myanmar သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာအကြံပေးကုမ္ပဏီကို ငှားရမ်းထားကြောင်း ယင်းရေနံကုမ္ပဏီထံ မှ သိရသည်။
လက်ရှိတွင် လျှပ်စစ်မီးကို ဈေးအများဆုံး အသုံးပြုနေရသည့် မြိတ်ခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှာ မီတာ တစ်ယူနစ်လျှင် ၄၀၀ ကျော်မှ ၆၀၀ နီးပါး အထိ အသုံးပြုနေရကြောင်း သိရ သည်။
M- 15 ကမ်းလွန် လုပ်ကွက် အမှတ်သည်၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့၏ ရေမိုင် ၁၆၀ နီးခန့် ကွာဝေးပြီး၊ ကနေဒါ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ပြီး တနင်္သာရီတွင် ကမ်းလွန်လုပ်ကွက်အများအပြားရှိကာ သဘာဝဓာတ်ငွေ့ကို အဓိကထုတ်ယူနေသော ရဲတံခွန်နှင့်ဇောတိက စီမံကိန်းများ ရှိသည်။
mizzima