နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် အခွန်နှင့် ဘဏ်တိုးနှုန်းများ လျှော့ချပေးရန်စီးပွားရေးလုပ်ငန်းရှင်ကြီးများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြတောင်းဆိုခဲ့ကြသည်။
နေပြည်တော်ရှိ MICC-1 ခန်းမ၌ သြဂုတ်လ ၂၇ ရက်က ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးမောင်ဝိတ်က လက်ရှိစောင့်ကြည့်နေကြသည့် အခြေအနေဖြစ်သဖြင့် မြန်မာ့ စီးပွားရေးအခြေအနေမှာ နှေးကွေးနေကြောင်း၊ ဘဏ်တိုးနှုန်းနှင့် အခွန်နှုန်းထားများ လျှော့ချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်ထဲ ဝင်ရောက်လာပြီး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်ဟု ဆောက်လုပ်ရေးကဏ္ဍအပေါ် တင်ပြပြော ဆိုသည်။
“ယနေ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ဘဏ်ချေးငွေအတိုးနှုန်းပဲ ဖြစ်ပါတယ်။ ဘဏ်ချေးငွေအတိုးနှုန်းဟာ ၁၃ ကျပ် ဖြစ်နေတဲ့အတွက် လုပ်ငန်းတွေမှာ တွက်ခြေမကိုက်တဲ့ အခြေအနေတွေ ရှိလာပါတယ်။ ဒီ ၁၃ ကျပ်ကို ၉ ရာနှုန်း သို့ ၈ ရာနှုန်းကို ယာယီအားဖြင့် လျှော့ချပေးဖို့ လိုအပ်နေတယ်လို့ တင်ပြလိုပါတယ်။ အဲဒီလို လျှော့ချပေးနိုင်ရင် ရင်းနှီးမြှုပ်နှံသူတွေဟာ ဈေးကွက်ထဲကို အများကြီး ပြန်လည်ရောက်ရှိလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “လုပ်ငန်းတခုကို စတင်တော့မယ်ဆိုရင် အခြေခံပစ္စည်း စတင်ဝယ်ယူရပါတယ်။ ဝယ်ယူတဲ့အခါ ဝယ်ယူသူအနေနဲ့ အခွန် ၃၀ ရာခိုင်နှုန်းဆောင်နေရတာ ရှိပါတယ်။ လုပ်ငန်းမစတင်ရသေးဘူး။ ၃၀ ရာခိုင်နှုန်းက စတင်ဆောင်နေရတာ ဖြစ်တဲ့အတွက် ဒီအခွန်ကို ၅ ရာခိုင်နှုန်းကို ၁နှစ် သို့မဟုတ် ၂ နှစ် လျှော့ချပေးဖို့ တင်ပြလိုပါတယ်”ဟု ဆွေးနွေးသွားသည်။
ထို့ပြင် ဘဏ်ချေးငွေနှင့် အခြေခံပစ္စည်းဝယ်ယူရာ၌ ၃၀ ရာခိုင်နှုန်းဆောင်နေရခြင်းကို ကင်းလွတ်ခွင့်ပြုရန်၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနည်းတူ အခွန်စာရွက်ပြသရန်မလိုဘဲ တပြေးညီဖြစ်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက တင်ပြ သည်။
အဆိုပါတင်ပြချက်နှင့် ပတ်သက်ပြီး အခွန်လွတ်ကင်းခွင့်များပြားစွာပေးခြင်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အကျိုးမရှိဟု စီးပွားရေးပညာရှင်များက အကြံပြုထားသည်များလည်းရှိသည့်အတွက် တင်ပြသည့်အချက်များအပေါ် သေချာ စဉ်းစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ အစိုးရက အဖက်ဖက်ကို နားထောင်ရပါတယ်။ ချိန်ဆရပါတယ်။ စီးပွားရေး တကွက် တည်းကို ကြည့်လို့ မရပါဘူး။ နှစ်ကွက်၊ သုံးကွက်ကိုလည်း ကြည့်လို့မရဘူး။ တနိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ကြည့်ရုံတင်မကဘူး။ ကမ္ဘာရဲ့ ရေစီးကြောင်းကိုလည်း ကြည့်ရပါတယ်။ ဒါပေမယ့် အဲဒီအချက် ၂ ချက်ကို အလေးအနက်ထားပြီးတော့ ကျမတို့ တိုင်ပင်ပေးပါမယ်။ မလုပ်ဘူး၊ လုပ်မယ်ဆိုတာကတော့ ဒီမှာ ပြတ်ပြတ်သားသား အဖြေပေးလို့ မရသေးပါဘူး” ဟု ဖြေကြားသည်။
အခွန်နှုန်းထားကို လုပ်ငန်းရှင်နှင့် အစိုးရဌာနတာဝန်ရှိသူများ ဆွေးနွေးပြီးမှ သတ်မှတ်သင့်ကြောင်း၊ လက်တွေ့ကျသော အခွန်နှုန်းထားဖြစ်မှသာလျှင် လုပ်ငန်းရှင်များကလည်း လုပ်ကိုင်နိုင်မည်ဖြစ်၍ အခွန်နှုန်းကို လျှော့ချပေးရန်နှင့် ထိုသို့ လျှော့ချပေးခြင်းကြောင့် အခြေပစ္စည်းကရသည့် အခွန်အခလျော့ကျသွားလျှင် ၎င်းက တာဝန်ယူလျော်ပေးသွားမည်ဟု ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက တောင်းဆိုသည်။
“၂၀၁၈ ခုနှစ်မှာ ရမယ့်အခွန်အခငွေကို လိုင်းတားလိုက်ပါ။ အခွန်နှုန်းတွေ Buyer အတွက် လျှော့ပြီးမှ ၂၀၁၉ ခုနှစ်မှာ အကယ်၍များ ၂၀၁၈ ထက်ကျသွားမယ်ဆိုရင် လိုအပ်တဲ့ဘဏ္ဍာငွေအားလုံးကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ တယောက်အနေနဲ့ တာဝန်ယူပြီးတော့ ကျနော်တို့ အားလုံးစုပေါင်း ဖြည့်တင်းပြီး လျော်ပါမယ်။ ဘယ်သူမှ မလျော်ဘူးဆိုရင် ကျနော် ဥက္ကဋ္ဌ တယောက်အနေနဲ့ အသင်းအတွက် ကျနော့်ရှိတဲ့ စည်းစိမ်တွေကို စိုက်ပြီးတော့ နိုင်ငံတော်ကို ပေးသွင်းမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံ၏ အသုံးစရိတ်အတွက် လိုအပ်၍ အခွန်ကောက်ခံခြင်းဖြစ်ပြီး သယံဇာတရောင်းချပြီး ငွေရှာသည့်အလုပ်မျိုးမလုပ်ချင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးကလည်း ကူညီပေးစေလိုကြောင်း၊ အခွန်ပေးသူအတွက်နှင့် အစိုးရအတွက် မျှမျှတတဖြစ်စေရန် အခွန်နှုန်းထားကို စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“အခွန်လျှော့ခြင်းအားဖြင့် လျော့သွားတဲ့ အရှုံးအတွက် တစ်ဖက်ကနေပြီး အခွန်လျှော့ပေးလိုက်လို့ စီးပွားရေးအရ ဖွံဖြိုး တိုးတက်လာလို့ ပိုပြီးတော့ အပေါင်းလက္ခဏာ ပိုများလာမလား။ ဒီအနှုတ်နဲ့ အပေါင်းကို တစ်ချိန်လုံး ချိန်ဆနေရတာပါ။ ဘယ်နိုင်ငံမှာမှ အခွန်တွေက အသေသတ်မှတ်ထားတာမရှိပါဘူး။ အချိန်ကာလနဲ့အားလျော်စွာ လိုရင်လိုအပ်သလို ပြောင်းလဲရတာဖြစ်ပါတယ်။ ကျမတို့အနေနဲ့လည်း ဒါကို ခေါင်းထဲမှာ ထားပါမယ်။ အကယ်၍ နိင်ငံတော်က ရှုံးခဲ့လို့ရှိရင် အားလုံး ပြန်ဆပ်ပါမယ်ဆိုတော့လည်း ဒါကို လျှော့လျှော့ပေါ့ပေါ့နဲ့ စဉ်းစားပေးဖို့ ကြိုးစားပါ့မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စီးပွားရေးမကောင်းသည့်အချိန်တွင် အခွန်နှုန်းထားကို လျှော့ချပေးပြီး စီးပွားရေးကောင်းမွန်သည့်အချိန်တွင်မှ အခွန် နှုန်းထားကို ပြန်လည်မြှင့်တင်သည်မှာ နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့်ထုံးစံတခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဆောင်ရွက်သင့်ကြောင်း၊ အလားတူ ဘဏ်တိုးနှုန်းလည်း လျှော့ချသင့်သည့် အနေအထားဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြံပေး ဦးသန်းလွင်က ပြောကြားသည်။
“အခွန်လျှေုာ့လိုက်လို့ အခွန်နည်းသွားမယ်ဆိုတဲ့ အတွေးအခေါ်ထက်ကို အခွန်လျှော့လို့ စီးပွားရေးပြန်ကောင်းပြီး ရေရှည်မှာ အခွန်ပြန်ပြီး ပိုရမယ့်အခြေအနေကို ပြန်စဉ်စားဖို့ကောင်းတယ်။ ဆောင်ရွက်ရင် ပိုကောင်းတာပေါ့။ Tax Incentive ဆိုတာ စီးပွားရေး ပြန်တက်အောင် အခွန်နဲ့ဆွဲဆောင်တဲ့နည်းပေါ့။ အမြဲတစေလျှော့ဖို့ ပြောတာမဟုတ်ပါဘူး။ အတိုးဆိုတာကလည်း ထိုင်းမှာဆိုရင် ၁ ဒသမ ၅ ပဲရှိတာပဲ။ ဒီမှာက ၁၃ နဲ့ ဘယ်လို သွားပြိုင်မလဲ ။ အတိုးဆိုတာ စရိတ်ပဲလေ။ စရိတ်ကြီးနေရင် မပြိုင်နိုင်ဘူးပေါ့။ အတိုးနှုန်းလျှော့မှပဲ သက်သာမှာ။ ဘဏ်တိုးနှုန်းများရင် အပြင်က အတိုးနှုန်းလည်းများနေမှာပဲ။ အတိုးနှုန်းကလည်း လျှော့ဖို့ ဆောင်ရွက်သင့်တာပေါ့”ဟု ဦးသန်းလွင်က ပြောသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း ငွေလဲနှုန်းတည်ငြိမ်စေရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် ဒေါ်လာအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေးအတွက် လိုအပ်သော မူဝါဒများကိုချမှတ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ပြည်တွင်း ပြည်ပဘဏ်များကို လုပ်ငန်းများ ယခုထက် ပိုမို တိုးချဲ့ခွင့်ပြုသင့်ကြောင်း တင်ပြသွားသည်။
Source: Irrawaddy