ကျွန်းပင်တွေကို ပိုင်ဆိုင်ခွင့် ပြုလိုက်ပါပြီ။ ခုတ်လှဲပြီး သုံးစွဲခြင်း မပြုခင်မှာ မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။
သစ်စိုက်ပျိုးသူတွေ အမြဲလို မေးလေ့ရှိတဲ့ မေးခွန်းတွေထဲကတခုက
၁။ မိမိစိုက်ပျိုးထားတဲ့ သစ်စိုက်ခင်းတွေကို အစိုးရကသိမ်းမလားဆိုတဲ့မေးခွန်းနဲ့
၂။ တရားဝင် ထုတ်လုပ် သယ်ယူ ရောင်းချလို့ရပါ့မလားဆိုတဲ့ မေးခွန်းပါ။
#ဆိုတော့ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် အတည်ပြု ပြဌာန်းသည့် သစ်တောဥပဒေ (အောက်ဆုံးတွင် အပြည့်အစုံ ဖော်ပြပေးထားပါသည်)
အခန်း (၃) ပုဒ်မ။ ၈ အပိုဒ်(ခ) အပိုဒ်ခွဲ (၁) အပိုဒ်ခွဲ (၂) အပိုဒ်ခွဲ (၃) အပိုဒ်ခွဲ (၄) အပိုဒ်ခွဲ (၅) ရဲ့ ဥပဒေ ပြဌာန်းချက်များအရ မိမိတို့ စိုက်ပျိုးထားသည့် သစ်ပင်များနှင့် သစ်စိုက်ခင်းများကို မိမိတို့ ပိုင်ဆိုင်ခွင့်ရှိပါတယ်။
သို့ပေမယ့် သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီလို ပြဌာန်းထားတဲ့နေရာမှာ မိမိစိုက်ပျိုးထားတဲ့ စိုက်ခင်းနေရာအပေါ်မူတည်ပြီး လုပ်ထုံး/လုပ်နည်းတော့ ကွဲလွဲမှု ရှိပါတယ်။
၁။ သစ်တောဧရိယာအတွင်း စိုက်ပျိုးမည်ဆိုပါက မစိုက်မီ သစ်တောဌာန၏ ခွင့်ပြုချက်ကို အရင်ရရှိဖို့လိုပါတယ်။
သစ်တောဧရိယာထဲမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အကြမ်းအားဖြင့်-
(က) ပုဂ္ဂလိက သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့်
(ခ) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်စိုက်ခင်းဆိုပြီး ၂ မျိုးရှိပါတယ်။
၂။ သစ်တောနယ်မြေပြင်ပ မြေစာရင်းပိုင်မြေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပြီးမှ သစ်တောဌာနမှာ မှတ်ပုံတင်ရပါတယ်။
သစ်တောနယ်မြေ ပြင်ပ စိုက်ပျိုးခြင်းမှာလည်း အကြမ်းအားဖြင့်-
(က) ပုံစံ (၇)ယာမြေ၊ ပုံစံ (၁၀၅)(၁၀၆) စတဲ့ မြေစာရင်းရဲ့ ခွင့်ပြုချက်ရထားတဲ့ မြေယာပေါ်တွင်စိုက်ပျိုးခြင်း။
(ခ) မိမိခြံဝန်းအတွင်း စိုက်ပျိုးခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။
ဒီနေရာမှာ သတိထားရမှာ လယ်မြေပေါ်တွင် လုံးဝ စိုက်ပျိုးခွင့်မရှိပါ။ လယ်မြေပေါ်တွင် စိုက်ပျိုးလိုပါက မြေစာရင်းရုံးတွင် လယ်ယာမြေ လွဲပြောင်းသုံးစွဲခွင့် လျောက်ထားပြီး ခွင့်ပြုချက်ရမှ စိုက်ပျိုးသင့်ပါသည်။
သစ်တောဧရိယာမှာ စိုက်ပျိုးမယ့် စိုက်ခင်းများဟာ မစိုက်မီကတည်းက သစ်တောဌာနရဲ့ ခွင့်ပြုချက် ယူရတာကြောင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အထွေအထူး လုပ်စရာ မလိုပါ။
မိမိတို့ ကိုယ်ပိုင်မြေမှာ စိုက်ပျိုးသူများအနေဖြင့် စိုက်ခင်းမှတ်ပုံတင်မည်ဆိုလျှင် စိုက်ပျိုးမြေယာနဲ့ပတ်သက်ပြီး
၁။ မိမိပိုင်ဆိုင်ကြောင်း အထောက်အထား မူရင်း/မိတ္ထူ
၂။ နိုင်ငံသား မှတ်ပုံတင် မူရင်း/မိတ္ထူ
၃။ စိုက်ပျိုးထားသည့် ဧရိယာ (ဧက)
၄။ စိုက်ပျိုးထားသည့် အပင်အမျိုးအစား၊ အရေအတွက်
၅။ စိုက်ပျိုးသည့် ခုနှစ်
စတဲ့အချက်အလက်များကို ယူဆောင်၍ မြို့နယ်/ခရိုင်သစ်တောရုံးမှာ သွားရောက်မှတ်ပုံတင်ပါ။
မှတ်ပုံတင်တဲ့အခါ ဖြည့်စွက်ရမည့် ဖောင် ကို ထုတ်ပေးပါမည်
ထိုဖောင်ကို ဖြည့်စွက်ပြီး သစ်တောအရာရှိ လာရောက် စစ်ဆေးမည့် သတ်မှတ်ရက်ကို ခြံထဲမှာ အသင့် စောင့်ဆိုင်းနေပေးပါ။
သစ်တောအရာရှိမှ စစ်ဆေးအတည်ပြုပြီးပါက မှတ်ပုံတင်ခြင်းလုပ်ငန်း ပြီးဆုံးပါပြီ။
မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ငွေကြေးကုန်ကျမှု မရှိပါ။
ဒီလို မှတ်ပုံတင်ထားပြီး သစ်ထုတ်ချိန်ကျရင် သစ်တောရုံးကို အကြောင်းကြားပြီး လိုအပ်တဲ့ အခွန်ပေးဆောင်ပြီးပါက သယ်ယူရောင်းချသည့်အခါ လွယ်ကူအောင် သစ်တောရုံးမှ လိုအပ်သည့် ထောက်ခံချက် မျှောစာနှင့်အတူ မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ကိုမဆို သယ်ယူရောင်းချခွင့် ရရှိပါပြီ။
တချို့က ပြောကြတယ် ကိုယ်ခြံထဲစိုက်ထားတဲ့အပင် ကိုယ်သုံးဖို့ခုတ်တာ ဖမ်းတယ်ပေါ့ ဟုတ်ပါတယ်။
ဥပဒေအရ တားမြစ်သစ်ပင်အမျိုးအစားဆိုလျှင်(ဥပမာ=ကျွန်း) တစ်ပင်ပဲရှိပါစေ မှတ်ပုံ မတင်ထားပဲ ထုတ်ယူသုံးစွဲလျှင် ဥပဒေအရ ဖမ်းဆီးအရေးယူခွင့်ရှိပါတယ်။
မှတ်ပုံတင်ထားပြီး ခုတ်ယူမယ်ဆို ခွင်ပြုချက်နဲ့အညီ ခုတ်လှဲ သုံးစွဲလို့ရပါတယ်
credit. SJP