နိုင်ငံခြားသား လက်လီလက်ကား ရောင်းချခြင်းဆိုင်ရာ သတ်မှတ်ချက်များ


31 July, 2018

နိုင်ငံခြားကုမ္ပဏီ၊ ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများသည် ကြမ်းခင်းမြေအကျယ်အဝန်း စတုရန်းမီတာ ၉၂၉ အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအဝင် လက်လီရောင်းချဖြန်ဖြူးခြင်း ပြုလုပ်ခွင့်မရှိကြောင်းဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည့် လက်လီလက်ကား ရောင်းချခွင့်ပြုခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲမှ သိရသည်။

နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့်စနစ်ဖြင့် မြန်မာနိုင်ငံသား၏ တိုက်ရိုက်အစုရှယ်ယာပါဝင်မှုအချိုးသည် ၂၀ ရာခိုင်နှုန်းနှင့်အထက် ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပါက၊ လက်ကားရောင်းချခြင်းဖြစ်ပါက ရောင်းချမည့် ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုငွေပမာဏသည် မြေငှားရမ်းခမပါ ဒေါ်လာနှစ်သန်းနှင့်အထက် ရှိရမည်ဖြစ်ကြောင်း၊ လက်လီရောင်းချခြင်းဖြစ်ပါက ရောင်းချမည့်ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုငွေပမာဏသည် မြေငှားရမ်းခမပါ ဒေါ်လာ ခုနှစ်သိန်းနှင့်အထက်ရှိရမည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သတ်မှတ်ချက်များ (၂) တွင် ဖော်ပြထားသည်။

နိုင်ငံသားကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်များတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကနဦး ရင်းနှီးငွေပမာဏဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခုနှစ်သိန်းအောက် သို့မဟုတ် ၎င်းနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် လက်လီလက်ကားရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီသည် လက်လီလက်ကား ရောင်းချခွင့် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။

လက်လီရောင်းချခြင်းသည် တစ်ဆင့်ပြန်လည်ရောင်းချရန်အတွက်မဟုတ်ဘဲ စားသုံးရန်အတွက် ပမာဏအနည်းငယ်ဖြင့် ဝယ်ယူသောပြည်သူများထံ ကုန်စည်ရောင်းချခြင်း၊ လက်ကားရောင်းချခြင်းသည် လက်လီရောင်းချသူများကိုလည်းကောင်း၊ ထုတ်လုပ်မှုလုပ်ငန်းတွင်အသုံးပြုသူများကိုလည်းကောင်း၊ ပမာဏများစွာဖြင့် ကုန်စည်များရောင်းချခြင်းဖြစ်သည်။

ရောင်းချခွင့်အနေဖြင့် ကန့်သတ်ပိတ်ပင်ထားသည့် ကုန်စည်မှအပ ပြည်တွင်းမှ ထုတ်လုပ်သောပစ္စည်းများ၊ ပြည်ပမှ တင်သွင်းသောကုန်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်လီလက်ကား ရောင်းချဖြန့်ဖြူးနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မည်သည့်မြို့များတွင်မဆို ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းများအပါအဝင် ဦးစားပေး ကုန်ပစ္စည်း အုပ်စုစာရင်း ၂၄ စုအား နိုင်ငံခြားကုမ္ပဏီ၊ ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများအား လက်လီလက်ကား ရောင်းချခွင့်ပြုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မည်သည့်မြို့တွင်မဆို ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

လက်လီလက်ကား ရောင်းချဖြန့်ဖြူးသူများအကြား ယှဉ်ပြိုင်မှုတိုးတက်ခြင်းဖြင့် စားသုံးသူများအတွက် ဈေးနှုန်းလျော့ကျပြီး ရွေးချယ်ခွင့်ပိုမိုရရှိလာစေရန်၊ ပြည်တွင်းကုန်စည်နှင့် ဖြန့်ဖြူးရောင်းချခြင်း၊ ဝန်ဆောင်မှုတွင် ကုန်ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးနှင့် နည်းပညာတိုးတက်စေရန်၊ ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိ၍ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ဖြန့်ဖြူးရောင်းချသူများအကြား မျှတသောယှဉ်ပြိုင်မှုများ ရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ပြည်တွင်းဖြန့်ဖြူးရောင်းချမှုကြောင့် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

Eleven

Laws and Regulations Read 569 times