ပြောင်းလဲကောက်ခံမည့် မီတာခနှုန်းထားသစ် ထုတ်ပြန်ရန်ရှိ


13 October, 2018

လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံရန်အတွက် နှုန်းထားသစ်ကို အစိုးရက ချိန်ဆနေရသည့်အတွက် မကြာခင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

ဝန်ကြီးဌာန၏ ဒုတိယ အမြဲတမ်း အတွင်းဝန် (လျှပ်စစ်) မှ ဦးစိုးမြင့်က“အကြမ်းဖျင်းတော့ လျာထားပြီးသားပါ။ သို့ သော် ထုတ်ပြန်သင့်တဲ့ အချိန်ကျရင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အကုန်လုပ်ပြီးသွားပါပြီ။ ဒီအစိုးရ သက်တမ်း အတွင်းမှာ ဖြစ်နိုင်ပါတယ်”ဟု အောက်တိုဘာ ၁၀ ရက်က မီဒီယာများအား ပြောသည်။


လျှပ်စစ် မီတာခ နှုန်းထားများ အသစ်ပြန်လည် ပြင်ဆင်၍ ကောက်ခံမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံအတွင်းရှိ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်များနှင့် ကိုက်ညီမှုရှိရန်အတွက် ချင့်ချိန်နေရသဖြင့် ထိုကဲ့သို့ အချိန်ကြာမြင့်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


ပြည်သူလူထုအား လက်ရှိနှင့် မတူသည့် လျှပ်စစ်ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် အထူးကြိုးစားနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် (စွမ်းအင်) မှ ဦးဌေးအောင်ကလည်း ပြောကြားထားသည်။

“လျှပ်စစ်မီတာခ ပြောင်းလဲ ကောက်ခံမည့်ပုံစံမှာ လျှပ်စစ်သုံးစွဲမှု ယူနစ်နှုန်းနဲ့ ကောက်ခံမလား၊ လူတန်းစားအလိုက် အလွှာနှုန်းနဲ့ ကောက်ခံမလားဆိုတာ ဒါတွေကို ကျနော်တို့ အများကြီးစဉ်းစားနေပါတယ်။ ခရီးရောက်နေတဲ့အတွက် မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်”ဟု ဦးဌေးအောင်က ပြောသည်။


လက်ရှိတွင် အိမ်သုံး အတွက် ၁ ယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ် ငန်းသုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ငွေကျပ် ၅၀ မှ အမြင့်ဆုံး ၁၅၀ ကျပ် အထိ အလွှာအလိုက် သတ်မှတ် ကောက်ခံ လျက် ရှိသည်။

လှိုင်သာယာ စက်မှုဇုန်၏ နာယက ဖြစ်သူ ဦးမြတ်သင်းအောင်က အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍအတွက် စိုက်ထုတ် အသုံးပြုနေရခြင်းမှာ အိမ်သုံးတယူနစ် ၃၅ ကျပ်နှုန်းဖြင့် ဖြန့်ဝေနေမှုမှာ မီးထွန်းရုံမကဘဲ လေအေးပေးစက်များ၊ ရေခဲ သေတ္တာ အသုံးပြုခြင်းကို ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံနေသဖြင့် အရှုံးပေါ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဇိမ်ခံပစ္စည်းများ အသုံးပြုမှုအတွက် နှုန်းထားတမျိုး ကောက်ခံခြင်းဖြင့် အရှုံးကို ကာမိနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“တိုးကောက်မယ် ဆိုရင်တော့ မပေးနိုင်ရင်လည်း ပိတ်တဲ့ စက်ရုံက ပိတ်ရမှာပေါ့။ ယှဉ်ပြိုင်မှု အားနည်းလာရင် မပိတ် ရင် တောင် ထုတ်လုပ်မှု ကျသွားတာပဲ။ အခုတောင် လုပ်အားခ တက်လာတော့ ထုတ်လုပ်မှု လျှော့ထုတ်လာကြတာ ရှိတယ်။ မီးလည်း အဲဒီလိုပဲ ဈေးများရင် လျှော့ထုတ်လာကြမှာပေါ့လေ”ဟု ၎င်းက ပြောသည်။


စီးပွားဖြစ် ထုတ်လုပ်နေသည့် စက်ရုံများ အနေဖြင့် လက်ရှိ ကောက်ခံနေသည့် နှုန်းထားထက် တိုးမြှင့်ကောက်ခံမှုများ ရှိလာမည်ဆိုပါက အခက်ခဲများ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် တချို့ထံမှ သိရသည်။


ပြောင်းလဲ ကောက်ခံမည့် နှုန်းထားအသစ်မှာ အခြေခံ လူတန်းစားများ အသုံးပြုနေသည့် နှုန်းထားများ တိုးမြှင့်ပြောင်းလဲ ခြင်းမရှိဘဲ၊ လုပ်ငန်းသုံးနှင့် ဇိမ်ခံအသုံးပြုသည့် လျှပ်စစ်နှုန်းထားများကိုသာ တိုးမြှင့်သတ်မှတ်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ကားဝပ်ရှော့ တည်ထောင်ထားသည့် လုပ်ငန်းရှင် ဦးရန်နိုင်က“တိုးကောက် လည်း ပြဿနာ မရှိဘူး။ အဓိက စီးပွားလုပ်ငန်း လည်ပတ်နေဖို့ အရေးကြီးတယ်။ အဓိက မီးမှန်မှန်နဲ့ လျှပ်စစ် ပြည့်ပြည့် ဝဝရရင် အဆင်ပြေပါတယ်”ဟု ပြောသည်။


မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိပြီး၊ ရန်ကုန်တိုင်း တခုတည်း၏ လျှပ်စစ် သုံးစွဲမှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ကျော် (တနေ့လျှင် ၁၂၀၀ မှ ၁၄၀၀ မီဂ္ဂါဝပ် အတွင်း) အသုံးပြုမှုရှိနေ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

ထို့ကြောင့် လက်ရှိအသုံးပြုနေသည့် မီတာခနှုန်းထားကို ပြောင်းလဲကောက်ခံရမည့် အနေအထားရှိကြောင်း၊ ကောက်ခံရ သည့် အကြောင်းအရင်းမှာ အစိုးရ အရှုံးပေါ်နေခြင်းကြောင့်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြီးခဲ့သည့် နဝမအကြိမ် လွှတ်တော်အစည်းအဝေး အပြီးတွင် ပြောသည်။


ကမ္ဘာ့ဘဏ်၏ ကွင်းဆင်းလေ့လာမှုများအရ မြန်မာနိုင်ငံအတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး ၂ နာရီခန့်သာ အသုံးပြုခွင့်ရနေပြီး အာဆီယံဒေသတွင် လျှပ်စစ်မီးအနည်းဆုံးရရှိသည့်နိုင်ငံ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က ပြောဆိုထားသည်။

Source: irrawaddy

Local News Read 725 times