အီလက်ထရွန်နစ်မှတ်ပုံတင်စနစ်(MyCO) ဖြင့် မှတ်ပုံမတင်သည့် ကုမ္ပဏီများကို ယခုဇန်နဝါရီလကုန်တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန်သည်။
လက်ရှိတွင် MyCO စနစ်ဖြင့် မှတ်ပုံမတင်ထားသည့် ကုမ္ပဏီပေါင်း သုံးသောင်းနီးပါးရှိပြီး မှတ်ပုံတင်ရန် တစ်လသာအချိန် ရှိတော့သည့်အတွက် အသိပေးရခြင်းဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။“တချို့တွေက ကုမ္ပဏီထောင်တယ်ဆိုတာ တင်ဒါဝင်ဆွဲဖို့သက်သက်ပဲ ထောင်ထားတယ်။ တင်ဒါမအောင်တော့ဘာမှဆက်မဖြစ်ဘူး။ ဒီလိုမျိုးကုမ္ပဏီတွေက မှတ်ပုံတင်ဖို့ ကျန်နေတာပါ။ ကျန်တာတွေက MyCO နဲ့ ပြန်လည်မှတ်ပုံတင်ကြပါတယ်”ဟု ၎င်းကဆိုသည်။
၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုမ္ပဏီဥပဒေသစ်အရ တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ၂၀၁၈ ခုနှစ်ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။
MyCO စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း လေးသောင်းတစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။အချို့သောကုမ္ပဏီများမှာ အွန်လိုင်းစနစ်များကို အကျွမ်းတဝင်မသိရှိခြင်း၊ စနစ်ထဲအားဝင်ရောက်ရန် ခက်ခဲခြင်း၊ အလုပ်မအားလပ်ခြင်းအစရှိသည့် အခက်အခဲများကြောင့် မှတ်ပုံတင်ရန် ကြန့်ကြာနေတတ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
The Voice