မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည် သြဂုတ်လ ၁ ရက်မှစ၍ အသက်ဝင်ခဲ့ပြီး ဥပဒေအသက်ဝင်ခြင်းနှင့်အတူ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများကနိုင်ငံခြားသားများကို အစုရှယ်ယာများ အမြန်ဆုံးရောင်းချနိုင်ရန် လိုလားနေကြသည်။
သို့သော် နိုင်ငံခြားသားများကို အစုရှယ်ယာများရောင်းချနိုင်ရေးတွင် လိုအပ်သောမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်မှုများ နှောင့်နှေးနေသည့်အတွက် စာရင်းဝင်ကုမ္ပဏီများ၏ တာဝန်ရှိသူများက ထောက်ပြမှုများရှိနေသည်။
ရန်ကုန် စတော့အိတ်ချိန်းကလည်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ ကျယ်ပြန့်စွာရောင်းဝယ်မှုပြုခြင်းဖြင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာစေရန် ဆန္ဒရှိသည်။ ထို့ကြောင့် နိုင်ငံခြားသားများကို အစုရှယ်ယာ ရောင်းချနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
''လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒပိုင်းဆိုင်ရာ ညွှန်ကြားချက်ကို အခု သြဂုတ်လထဲမှာ ထုတ်ပြန်ပေးနိုင်ဖို့ လုပ်နေပါတယ်။ တစ်ဖက်မှာလည်း စာရင်းဝင်ကုမ္ပဏီတွေနဲ့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းတွေက ပြင်ဆင်ရမယ့်အပိုင်းတွေကို လုပ်နေကြဆဲဖြစ်ပါတယ်။ ညွှန်ကြားစာထုတ်ပြန်ပြီးတာနဲ့ စာရင်းဝင်ကုမ္ပဏီတွေနဲ့ နိုင်ငံခြားသားတွေကို ရောင်းဝယ်မှုလုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်''ဟု ဦးဌေးချွန်က ပြောသည်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံနိုင်စွမ်းဖြင့် လုံလောက်မှုမရှိခြင်းကြောင့် နိုင်ငံခြားသားများကိုလည်း ရှယ်ယာ ရောင်းချနိုင်ခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရန် မျှော်လင့်နေကြသည်။
လက်ရှိအခြေအနေ
************
လက်ရှိတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကသာ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာဝယ်ယူ ရောင်းချမှုများ လုပ်ကိုင်နိုင်ခွင့်ရှိသည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများက အရင်းအနှီးအင်အား နည်းပါးသဖြင့် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် (Capital Market) သည် ထိုက်သင့်သည့်အနေအထားသို့ ဖွံ့ဖြိုးမလာဘဲ ဖြစ်နေသည်။
''မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြောင့် နိုင်ငံခြားသားတွေကို အစုရှယ်ယာရောင်းချနိုင်ခွင့်ဟာ ကျွန်တော်တို့ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ရောင်းဝယ်မှုကို ဘယ်လိုပုံစံလုပ်ကိုင်ရမယ်ဆိုတာကို မသိရသေးဘဲဖြစ်နေတယ်။ အရင်းအနှီးဈေးကွက်ကြီး မြန်မြန်ဆန်ဆန်ကြီးထွားလာဖို့ ဒါကို မြန်မြန်ဆန်ဆန်လုပ်ပေးဖို့ လိုပါလိမ့်မယ်''ဟု အက်ဖ်အမ်အိုင်ကုမ္ပဏီဥက္ကဌ ဦးသိမ်းဝေက ဇူလိုင်၂၉ ရက်က ၎င်းတို့၏ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေး၌ ပြောခဲ့သည်။
လတ်တလောတွင် စာရင်းဝင်ကုမ္ပဏီများသည် ပြင်ဆင်နေဆဲကာလသာဖြစ်သော်လည်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကိုမူ လျင်မြန်စွာထုတ်ပြန်ပေးရန်လိုအပ်သည်ဟု မြန်မာနိုင်ငံသားများဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်က ပြောသည်။
''ရန်ကုန်စတော့အိတ်ချိန်းက မူဝါဒတွေကို မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်။ လောလောဆယ်မှာ ကျွန်တော်တို့က ပြင်ဆင်နေဆဲဆိုပေမဲ့ မူဝါဒတွေထွက်ထားပြီးရင် ပြင်ဆင်ရတဲ့အပိုင်းက ပိုပြီး မြန်ဆန်နိုင်မှာပါ။ မြန်မာနိုင်ငံသားများဘဏ်ကလည်း လုပ်ငန်းတိုးချဲ့ဖို့အတွက် နိုင်ငံခြားသားတွေကို ရှယ်ယာရောင်းဝယ်မှုလုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု ဒေါက်တာသောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိကို မြန်မာနိုင်ငံသားကုမ္ပဏီအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ကြောင်း ပြဌာန်းပေးထားသည်။ သို့သော်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများကို ရှယ်ယာရောင်းဝယ်မှု လုပ်ငန်းစဉ်မှာ လွယ်ကူလှသည့် အခြေအနေတော့ မဟုတ်ပေ။
အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်း
********************
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA သည် ကုမ္ပဏီမှတ်ပုံတင်ခြင်း အပါအဝင်၊ ပြည်တွင်းလုပ်ငန်းနှင့် နိုင်ငံခြားသားလုပ်ငန်းအဖြစ် အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်များအားလုံးကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရန် သြဂုတ်လ ၁ ရက်က စတင်ခဲ့သည်။
MyCo အမည်ရှိ ဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် မှတ်ပုံတင်ခြင်း၊ ကုမ္ပဏီဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားသားပိုင်လုပ်ငန်းများသတ်မှတ်ခြင်းကို အွန်လိုင်းစနစ်ဖြင့်လုပ်ကိုင်နိုင်ရန် ပြောင်းလဲထားသည်။
နိုင်ငံခြားသားများပါဝင်နိုင်ခွင့် ၃၅ ရာခိုင်နှုန်းအချိုးကိုလည်း ၎င်း MyCo ဝက်ဘ်ဆိုက်က အလိုအလျောက် တွက်ချက်ပေးသည့် စနစ်ကို ထည့်သွင်းထားသည်။ ထို့ကြောင့် ကုမ္ပဏီတစ်ခုတွင် ၃၅ ရာခိုင်နှုန်း အချိုးထက် ပိုမိုသည့်အစုရှယ်ယာများကို နိုင်ငံခြားသားများက ပိုင်ဆိုင်ထားပါက နိုင်ငံခြားသားပိုင်လုပ်ငန်းအဖြစ် အလိုလျောက်သတ်မှတ်ဖော်ပြပေးမည်ဖြစ်သည်။
ကုမ္ပဏီများက မူလကပင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လုံးဝကင်းရှင်းထားမှသာ ၃၅ ရာခိုင်နှုန်းအချိုးကို နိုင်ငံခြားသားရှယ်ယာ ထပ်မံခေါ်ယူခွင့်ရှိမည်ဖြစ်သည်။ အကယ်၍ မူလက နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုပမာဏ တစ်ခုရှိပြီးသား ကုမ္ပဏီက နောက်ထပ် ၃၅ ရာခိုင်နှုန်းအထိ ထပ်မံ ခေါ်ယူမိပါက မူလပါဝင်ထားသည့်အချိုးနှင့် နှိုင်းယှဉ်တွက်ချက်မှုအရ နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ် အွန်လိုင်းစနစ်ကဖော်ပြပေးနိုင်ရန် DICA က ဆောင်ရွက်ထားသည်။
''အွန်လိုင်းစနစ်နဲ့ သွားတဲ့အခါမှာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ပိုပြီးစနစ်တကျဖြစ်သွားမှာပါ။ မူလကတည်းက နိုင်ငံခြားပိုင်ဆိုင်မှုရာခိုင်နှုန်းတစ်ခုအထိ ပါဝင်ထားရင်တော့ ၃၅ ရာခိုင်နှုန်းကို အပြည့်အဝ ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအချက်ကိုတော့ လုပ်ငန်းရှင်တိုင်းက သိထားရမယ့်အချက်ဖြစ်ပါတယ်''ဟု DICA ၏ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
''ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားတွေကို အရောင်းအဝယ်လုပ်ကိုင်ပေးဖို့က အဆင်သင့်ဖြစ်တယ်။ ဒါပေမဲ့ ရှယ်ယာတွက်ချက်မှု အပိုင်းမှာတော့ ဆောင်ရွက်ရမယ့်အချက်လေးတွေ ရှိနေသေးတယ်။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာကို အခုမှဆောင်ရွက်နေရတဲ့အတွက် နည်းနည်းကြာနေတာပါ''ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအလုပ်အမှုဆောင် ဦးသက်ထွန်းဦးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း
**************
စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှုနှင့် ဈေးနှုန်းများအနေအထားများအရ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်အညွှန်းကိန်းသည် သြဂုတ် ၈ ရက်တွင် အနည်းငယ်ကျဆင်းနေသည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီငါးခုသာ ရှိထားဆဲဖြစ်သည်။ သြဂုတ်လ ၈ ရက်တွင် FMI ကုမ္ပဏီရှယ်ယာတစ်စုဈေးနှုန်းသည် ကျပ် ၁၂,ဝဝဝ၊ MTSH သည် ကျပ် ၃,၂၅ဝ၊ မြန်မာနိုင်ငံသားများဘဏ် MCB သည် ကျပ် ၇,၈ဝဝ၊ ပထမပုဂ္ဂလိကဘဏ် FPB သည် ကျပ် ၂၄,ဝဝဝ နှင့် TMH ကုမ္ပဏီသည် ကျပ် ၂၉၅ဝ ပေါက်ဈေးရှိသည်။
''ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတန်ဖိုးကို ဘယ်လိုသတ်မှတ်ရမလဲဆိုတဲ့ အတတ်ပညာပိုင်းမှာ အားနည်းနေသေးတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေက ပြည်တွင်း စတော့ဈေးကွက်မှာ ပါဝင်လာနိုင်မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးသတ်မှတ်တဲ့အပိုင်းရော အရင်းအနှီးဈေးကွက်ကြီးထွားဖို့ အပိုင်းမှာရော အထောက်အကူအများကြီးဖြစ်လာမှာပါ''ဟု FMI ၏အလုပ်အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းသည် နိုင်ငံခြားသားများကို အစုရှယ်ယာရောင်းချနိုင်ရေးမှာ ပြင်ဆင်နေဆဲကာလဖြစ်သော်လည်း ညွှန်ကြားချက်များ ထွက်လာပြီးပါက အကောင်အထည်ပေါ်လာမည်မှာ မလွဲမသွေဖြစ်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အချက်အလက်များနှင့် ကုမ္ပဏီလည်ပတ်မှုဆိုင်ရာကိစ္စများက နိုင်ငံခြားသားများအတွက် စိတ်ဝင်စားဖွယ်ဖြစ်နေသည်။
ယခု ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်အတွက် စာရင်းဝင်ကုမ္ပဏီများ၏ စာရင်းရှင်းတမ်းများအရ ကုမ္ပဏီအသီးသီးသည် လုပ်ငန်းပိုင်းနှင့် ဝင်ငွေများတိုးတက်လာသော်လည်း အမြတ်ရရှိမှုပိုင်းတွင် ယခင်ဘဏ္ဍာနှစ်အောက်လျော့နည်းမှုများရှိနေသည်။ ၎င်းအချက်သည် အမြတ်ရရှိသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန် လိုအပ်ချက်ရှိနေကြောင်း ဖော်ပြနေသည်။
ထို့ကြောင့် နိုင်ငံခြားသားများကို ရှယ်ယာများထုတ်ရောင်းနိုင်ရေးသည် အမြန်ဖြေရှင်းရမည့် ပုစ္ဆာဖြစ်သည်။
Myanmar times