ကုန်စည်ပို့ဆောင်ခ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းလာ


05 July, 2018

ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ခ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ သကြားတင်ပို့ခွင့် ပြန်လည်ခွင့်ပြုပြီးနောက် ဇွန်လ လယ်ကစ၍ ရန်ကုန်မှ မူဆယ်မြို့ သို့ ကုန်စည်ပို့ဆောင်ခ တစ်တန်လျှင် ကျပ် ၂၀,၀၀၀ ခန့် ဈေးမြင့် တက်လာသည်။ ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ခသည် တစ် တန်လျှင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၈၀,၀၀၀ သို့ ဈေးမြင့်တက်လာကြောင်း သိရပါသည်။

ထိုကဲ့သို့ ကုန်စည်ပို့ဆောင်ခ မြင့်တက်လာသော်လည်း တရုတ်ကုန်သည်များက မြန်မာဆန်ကို ဈေးတိုးမပေးသဖြင့် တင်ပို့မှုလျော့နည်းခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။

‘‘ဂိုဒေါင်တွေမှာ ပစ္စည်းတွေ ကျပ်နေတယ်။ ကုန်သည်တွေမှာ ငွေကျပ်နေတဲ့ အခြေအနေမျိုးကြုံနေရတယ်’’ဟု ဦးသန်းဦးက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံက အဝယ်လျော့ခြင်းကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်း (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ ခန့်မှ ကျပ် ၂၂,၅၀၀ သို့ ဈေးကျ ခဲ့ကြောင်း ပြည်ပဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။

ယခုရက်ပိုင်းတွင် တရုတ် ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းထက် သကြားကို ပမာဏတိုးဝယ်နေကြောင်း မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောခဲ့ပါသည်။

မူဆယ်မြို့သို့ ဆန်တင်ပို့မှု နည်းချိန်တွင် အာဖရိက အပါအဝင် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မည့် သင်္ဘောများ ဆိုက်ကပ်မည့်ရက်လည်း နောက်ဆုတ်ခဲ့ကြောင်း သိရပါသည်။

ထိုသို့ သင်္ဘောတင်ရက် နောက်ဆုတ်ခြင်းကြောင့် ၂၅ မှတ် အမျိုးအစား ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀ ခန့် ဈေးကျခဲ့သည်။

ပြည်ပတင်ပို့နေသည့် ဆန်ကြမ်းဈေးကျသော်လည်း ပြည်တွင်းစားသုံးသည့် ဆန်ချောနှင့် ဆန်ကြမ်းရှယ် အမျိုးအစားများ ဈေးကျဆင်းခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း ဆန်ကုန်သည်အချို့ က ပြောသည်။

သို့သော် လက်လီဈေးကွက်တွင် ဆန်ချောဈေး တစ်အိတ်လျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အကြားဈေးမြင့်တက်လာသည်ဟု ယခု ရက်ပိုင်း ဆန်ဝယ်ယူသည့် အိမ်ရှင်မအချို့က ပြောခဲ့ပါသည်။

7 Day Daily

Export, Import Read 586 times