ဆန်ချောဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့် ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းများ


31 August, 2018

ဆန်ဈေးနှုန်းများသည် ငါးနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေပြီဖြစ်သည့်ပြင် နိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်ခြင်းကြောင့်အဆိုပါ စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းသည် စားသုံးသူ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေသည်။

စပါးစိုက်ဒေသအသီးသီးမှ တင်ပို့လာသော ဆန်များသည် ရန်ကုန်မြို့ရှိ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်တို့သို့ ဝင်ရောက်သည်။ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်တွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီတိုင်းဒေသကြီးထွက်ပေါ်ဆန်းစသော ပြည်တွင်းစားသုံးမှုများပြားသည့် ဆန်ချောအမျိုးအစားများကို အဓိကရောင်းဝယ်ကြခြင်းဖြစ်သည်။ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်သည် နိုင်ငံခြားသို့တင်ပို့သောဆန်၊ တစ်နည်းဆိုရသော် ဧည့်မထဆန်ကဲ့သို့သော ဆန်ကြမ်းအမျိုးအစားများကို အဓိကရောင်းဝယ်ကြခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ အဓိကစားသုံးသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီဒေသထွက်ပေါ်ဆန်း စသောဆန်ချောဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းဖြစ်ပြီး ပြည်ပသို့ အဓိကတင်ပို့သော ဧည့်မထကဲ့သို့သော ဆန်ကြမ်းအမျိုးအစားဈေးနှုန်းမှာမူ တည်ငြိမ်လျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း တာဝန်ရှိသူများက ပြောသည်။

''ဒီနှစ်ပေါ်ဆန်းဆန်ဈေးနှုန်းဟာ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ ပေါ်ဆန်းက ဒီနှစ်စိုက်ပျိုးမှုဧကများသလို အထွက်နှုန်းလည်းများတယ်။ မနှစ်က ပေါ်ဆန်းရှားတဲ့အချိန်မှာတောင် ဒီဈေးကို မရောက်ခဲ့ပါဘူး။ အရင်က ဆန်တစ်အိတ်ကို ဈေးတက်ရင် ကျပ် ၃ဝဝ၊ ၅ဝဝ လောက်ပဲတက်တယ်။ အခုက တစ်ခါဈေးတက်ရင် ကျပ် ၂,ဝဝဝ၊ ၃,ဝဝဝ ခုန်ခုန်တက်တာက မဖြစ်သင့်ဘူး။ သမားရိုးကျတက်တာထက် ပယောဂမကင်းဘူးလို့ သုံးသပ်ပါတယ်။ သတိထားဆင်ခြင်ပြီး ရောင်းဝယ်ကြဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။

ဆန်ချောဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထူးခြားမှုအနေဖြင့် ပြည်တွင်းစားသုံးမှုပုံစံပြောင်းလဲလာပြီး ပေါ်ဆန်းဆန်အမျိုးအစားများကို စားသုံးမှုများလာခြင်းကြောင့် ဆန်ချောဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ဈေးအတက်ကိုမျှော်မှန်း၍သိုလှောင်ထားခြင်း၊ ဈေးနှုန်းဆွဲတင်ကာ ဈေးကစားမှုများကြောင့်လည်းဖြစ်သည်ဟု ဦးအောင်သန်းဦးက သုံးသပ်သည်။

ဈေးတက်မည့်အခြေအနေကိုမှန်း၍ နယ်မှ ဆန်ကုန်စည်ဒိုင်သို့ ဆန်တင်ပို့မှုအား လျှော့ချ၍ ဈေးနှုန်းမြင့်တက်လာရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများ၊ ကုန်စည်ဒိုင်တွင် ဝယ်ယူခြင်းထက် အမြတ်ပိုမိုရရှိစေရန် နယ်သို့ တိုက်ရိုက်ဆင်း၍ ဝယ်ယူခြင်းများကို မြင့်တွေ့နေရသည်ဟု ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက ပြောသည်။

''လက်ရှိမှာ စပါးက ပြည်တွင်းမှာ လုံလောက်အောင် ရှိပါတယ်။ အသစ်ထွက်မယ့် စပါးနဲ့လည်း အဆက်အစပ် မပြတ်သွားပါဘူး။ ထိုက်သင့်တဲ့အမြတ်နဲ့ စားသုံးသူ၊ ရောင်းသူ အဆင်ပြေတဲ့ မျှခြေတစ်ခုမှာ အရောင်းအဝယ်လုပ်သွားဖို့ လိုပါတယ်''ဟု ဆန်စပါးကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

နေ့စဉ်ဖြစ်ပေါ်နေသာ ဆန်စပါးအရောင်းအဝယ် သတင်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြနေပြီး ရန်ကုန်သို့ ဆန်တင်ပို့ခြင်းမရှိဘဲ ဆန်ဈေးနှုန်းဆွဲတင်ရန် ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့်ပူးပေါင်း၍ ပုံမှန်ဆန်အဝင်ဖြစ်စေရန် ဆောင်ရွက်မည်ဟု ဦးအောင်သန်းဦးက ပြောသည်။

ဆန်ဈေးမြင့်တက်ခြင်းသည် စပါးဈေးနှုန်းနှင့် တိုက်ရိုက်ချိတ်ဆက်လျက်ရှိပြီး ဧရာဝတီပေါ်ဆန်း စပါးဈေးသည် တင်းတစ်ရာလျှင် ကျပ် ၁၃ သိန်း၊ ၁၄ သိန်းဝန်းကျင် ဈေးနှုန်းများရှိနေသည်။

''စပါးဈေးကိုတွက်ပြီး စက်ပိုင်တွေက ဆန်ကို ဘယ်လောက်ရောင်းပေးပါဆိုပြီး အကျိုးဆောင်တွေကို ပြောရောင်းတယ်။ ဆန်ဈေးက တစ်နေ့တစ်နေ့ တိုးတိုးခေါ်လာရင်းနဲ့ ဈေးတက်လာတယ်။ နယ်မှာ စပါးဈေးကလည်း အပြိုင်အဆိုင်ဖြစ်လာတယ်။ အင်အားနည်းတဲ့ လယ်သမားတွေ လက်ထဲမှာ စပါးမရှိတော့ပါဘူး။ အင်အားကြီးတဲ့ လယ်သမား၊ စပါးကုန်သည်၊ ဆန်စက်ပိုင်တွေလက်ထဲမှာ ဝယ်သိမ်းထားပါတယ်''ဟု ဆန်အကျိုးဆောင်လုပ်ကိုင်သူ ဦးအောင်ကြည်စိုးက ပြောသည်။

''ဆန်ချောဈေးတွေမြင့်တဲ့ အကြောင်းရင်းထဲမှာ Inflation (ငွေကြေးဖောင်းပွမှု) ကြောင့်လည်းပါတယ်။ တခြားကုန်စည်တွေက ဈေးတက်တာကလည်း အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်ကို သွားပြီးသက်ရောက်စေပါတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

ယခုနှစ်မိုးရာသီတွင် မိုးစပါးဧက ၁၆ သန်းကျော် စိုက်ပျိုးထားပြီး ယခုနှစ်မိုးရာသီတွင် ရေကြီးမှုများကြောင့် စပါးစိုက်ပျိုးဧက သုံးသိန်းကျော် ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် ဧကတစ်သိန်းကျော် ပြန်လည်စိုက်ပျိုးထားပြီးဖြစ်သည့်အတွက် ယခုနှစ် စပါးအထွက်နှုန်းကို များစွာထိခိုက်မှုမရှိနိုင်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့မှုတွင် ပြည်တွင်းစားသုံးသော ဆန်ချောအမျိုးအစားများကို တင်ပို့ခြင်းမဟုတ်ဘဲ ဆန်ကြမ်း အမျိုးအစားများကိုသာ တင်ပို့ခြင်းဖြစ်သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုသည် ပြည်ပပို့ဆန်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

''ပြည်ပပို့တဲ့ဆန်ဈေးက တည်ငြိမ်ပြီးတော့ ပြည်တွင်းစားသုံးတဲ့ဆန်က ထူးကဲစွာ မြင့်တက်နေတာပါ။ ပြည်ပတင်ပို့တဲ့ဆန်က တရုတ်ဘက်ကလည်း ဝယ်လိုအား သိပ်မရှိတော့ တည်ငြိမ်နေတဲ့သဘောမျိုးဖြစ်နေပါတယ်''ဟု ဦးသန်းဦးက ပြောသည်။

လက်ရှိတွင်လည်း ပြည်ပသို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် လျော့နည်းလျက်ရှိသည်။ ယခုဘဏ္ဍာနှစ် (ဧပြီမှ ဇူလိုင်) အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားပြီး ယမန်နှစ်ကာလတူ တင်ပို့မှုထက် ဆန်တန်ချိန် တစ်သိန်းကျော် လျော့နည်းတင်ပို့ထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

''လက်လီမှာရောင်းတဲ့အခါ ဆန်ကိုယှဉ်ပြရင် စားသုံးသူတော်တော်များများက ပေါ်ဆန်း (ဧရာဝတီ) ကို ရက် ၉ဝ ဆန် (ဆန်ကြမ်း) နဲ့ ရောစားတာများသွားပါပြီ။ အဲဒါဆိုရင် ထမင်းက အလတ်တန်းစားဝင်သွားပြီ။ ရွှေဘိုပေါ်ဆန်းက ထမင်းမသိုးဘူးဆိုပြီး ရွှေဘိုပေါ်ဆန်းကို ချမ်းသာတဲ့သူရော၊ အလတ်တန်းစားရော သုံးစွဲပါတယ်။ စားသုံးသူက အသားကုန်ဝယ်နေတာမျိုးတော့ မဟုတ်ဘူး။ ဈေးနှုန်းတက်လာတာပဲရှိတယ်''ဟု အလုံမြို့နယ်က ဆန်လက်လီရောင်းချသူ ဒေါ်သိန်းဌေးက ပြောသည်။

ဆန်ဈေးနှုန်းများ

 

ဆန္အမ်ိဳးအစား

အနိမ့်ဆုံးဈေးနှုန်း

အမြင့်ဆုံးဈေးနှုန်း

ဖျာပုံပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

ဒေးဒရဲပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

မြောင်းမြ/ပုသိမ်ပေါ်ဆန်းသစ်

၄၈၀၀၀

၅၂၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၄၀၀၀

၄၆၀၀၀

ဧည့်မထ

၂၃၀၀၀

၂၃၅၀၀

ငစိန်

၂၃၀၀၀

၂၇၀၀၀

မြီးဒုံ

၄၀၀၀၀

၄၂၀၀၀

ဧည့်မထဆန်ကွဲ [2,3,4]

၁၉၂၀၀

၁၉၆၀၀

ဧည့်မထဆန်ကွဲ[1,2]

၁၈၈၀၀

၁၉၅၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၂၀၀၀

၂၄၀၀၀

ရွှေဘိုပေါ်ဆန်း

၅၉၅၀၀

၆၂၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅%သစ်

၂၀၈၀၀

၂၁၀၀၀

ပေါ်ဆန်းသစ်ရှယ်

၄၃၀၀၀

၄၅၀၀၀

ရက် ၉၀ သစ်ရှယ်

၂၄၀၀၀

၂၅၅၀၀

ကြမ်းသစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြားပျံသစ်ရှယ်

၄၆၀၀၀

၄၈၀၀၀

နှံကားသစ်ရှယ်

၂၃၀၀၀

၂၃၂၀၀

Source: myanmar times / pissaya info

Local News Read 599 times