ပြည်ပတင်ပို့သည့် ဆန်များဈေးကျသော်လည်း ပြည်တွင်း၌စားသုံးသည့် ဆန်များဈေး မြင့်တက်နေ


23 July, 2018

တရုတ်နှင့် အခြားသော နိုင်ငံများက မြန်မာ့ဆန်ဝယ်လိုအားလျော့နည်းခြင်းကြောင့် ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများဈေးကျနေသော်လည်း ပြည်တွင်း၌စားသုံးသည့် ဆန်များဈေး မြင့်တက်နေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးကပြောသည်။

‘‘ပြည်တွင်း စားဆန်တွေက ဒီအချိန်ဆိုတက်လေ့ရှိတယ်။ လှောင်သမားတွေက ဈေးကွက် ကိုထိန်းပြီး ရောင်းနေတဲ့အချိန် ဖြစ်လာပြီလေ’’ ဟု ဦးသန်းဦးက ပြောသည်။

လက်ရှိပြည်တွင်းစားသုံးသည့် ဆန်ကြမ်းဈေးနှုန်းသည်သုံးလအတွင်း တစ်အိတ်လျှင် ကျပ် ၅,၀၀၀ ဈေးမြင့်တက်ပြီးဆန်ချောများက တစ်အိတ်လျှင်ကျပ် တစ်သောင်းခန့် တက်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာဆန်ဈေးကွက်တွင် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ဆန်တစ်တန်လျှင် ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအကြားဈေးနှုန်း ကျဆင်းခြင်းကြောင့် မြန်မာ့ဆန် ဝယ်လိုအားလျော့နည်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောသည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ် သည့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ နိုင်ငံတို့တွင် သိုလှောင်ဆန်ပမာ ဏများခြင်းကြောင့် ဇွန်လကစ၍ ငါးမှတ်ဆန် တစ်တန်လျှင် ပျမ်းမျှ ကန်ဒေါ်လာ ၄၃၀ ကျော်မှ ၃၈၅ သို့ ဈေးကျဆင်းကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ ဆန်ဈေးကျ သော်လည်း ဇွန်လ တတိယပတ်အတွင်း မြန်မာ့ဆန်ဈေးနှုန်းသည် ငါးမှတ်ဆန်အမျိုးအစား တစ်တန်လျှင် ၄၃၅ ဒေါ်လာခန့် ဈေးဖွင့်သည်။ တရုတ်နိုင်ငံကလည်း ဇူလိုင်အတွင်း မြန်မာ့ဆန်ကို ဈေး လျှော့ဝယ်လာခြင်းကြောင့် ပြည်တွင်းမှတင်ပို့ရောင်းချနိုင်ခြင်း မရှိပေ။

ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် တရုတ်နိုင်ငံက နှစ် သက်သည့် ဆန်အမျိုးအစားတစ် အိတ်လျှင် ကျပ် ၁,၅၀၀ ခန့်ဈေး နှုန်းကျဆင်းလာကြောင်း ဦးသန်းဦးကပြောသည်။

7 Day Daily

Export, Import Local News Read 846 times