အခြေခံစားသောက်ကုန်၊ကုန်စည်အများစုအကောက်ခွန်နှုန်းတိုးကောက်မည်


23 August, 2017

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ မှမြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ယခုနှစ်အောက်တိုဘာလမှစပြီး ပြောင်းလဲ ကျင့်သုံးမည်ဖြစ်သောကြောင့် ကုန်ပစ္စည်းအမျိုးအစား အများစုကိုအကောက်ခွန်နှုန်းများတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှှ သိရသည်။

အချို့ကုန်စည်များအပေါ်တွင်ကောက်ခံသည့်အကောက်ခွန်နှုန်းထားများသည်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏သတ်မှတ်ချက်နှင့်မကိုက်ညီခြင်းအပြင်နှစ်ရာခိုင်နှုန်းသာကောက်ခံနေသည့်အတွက်အခွန်နှုန်းထားများအလွန်နည်းပါးသောကြောင့် အကောက်ခွန်နှုန်း ၂၀၁၇ ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ပြောကြားသည်။

ပြည်ပနိုင်ငံများကတင်သွင်းသည့်အသင့်သောက်သုံးနိုင်သည့်ကော်ဖီကိုယခင်အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ တွင်တင်သွင်းသည့်ပမာဏအပေါ်တွင်စည်းကြပ်တန်ဖိုး(Custom Duty) ၁၅ ရာခိုင်နှုန်းကောက်ခံသော်လည်း ယခုပြောင်းလဲကောက်ခံမည့်အကောက်ခွန်နှုန်း ၂၀၁၇ တွင် ၂၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုလည်းယခင်က ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်းမှယခု ၁၀ ရာခိုင်နှုန်းသို့တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းယင်းဌာနမှသိရသည်။

နှစ်ရာခိုင်နှုန်းသာကောက်သည့်ကုန်စည်များလည်းရှိသောကြောင့်အလွန်နည်းနေသည့်အကောက်ခွန်နှုန်းများလည်းရှိပြီးပြည်တွင်းကစိုက်ပျိုးထုတ်လုပ်သည့်သူများကိုအကာအကွယ်ပေးနိုင်ရန်အတွက်လည်း အကောက်ခွန်နှုနး် များကိုတိုးမြှင့်ရခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကပြောကြားသည်။

ထို့ပြင်ပြည်ပမှတင်သွင်းသည့်အသီးအနှံများကိုယခင် ၁၅ ရာခိုင်နှုန်းမှယခု ၃၀ ရာခိုင်နှုန်း၊ ပန်းများကိုလည်းယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးဆားကိုယခင် ၁၀ ရာခိုင်နှုန်းမှယခု ၂၀ ရာခိုင်နှုန်း၊ သစ်လုံးများကိုယခင် ၁၅ ရာခိုင်နှုန်းမှယခုသုညရာခိုင်နှုန်း၊ ပရိဘောဂများကိုယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်း၊လေအေးပေးစက်များကိုယခင် ၁ ရာခိုင်နှုန်း၊ ရ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းနှင့်လက်ဖက်များကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်းအထိပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။

အခွန်နှုန်းများနေပါကကုမ္ပဏီများအနေဖြင့်ပြည်တွင်းတွင်လာထုတ်ကြစေလိုကြောင်း၊ သို့မှသာပြည်တွင်းထုတ်လုပ်မှုတက်လာပြီး အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးကပြောသည်။

ပြည်တွင်းတွင်အသင့်ကော်ဖီမထုတ်နိုင်သည့်အတွက်အခွန်တိုးကောက်လိုက်သောကြောင့်သွင်းသည့်သူများကစျေးတိုးရောင်းသောကြောင့်ပြည်သူများစျေးကြီးပေးဝယ်ရမည်။

အခွန်တိုးကောက်ခြင်းထက်သွင်းကုန်အစားထိုးလုပ်ငန်းကိုစဉ်းစားရမည်ဖြစ်ပြီး ပြည်တွင်းတွင်ကော်ဖီအသစ်များကို ပိုသောက်စေရန်စဉ်းစားရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ကော်ဖီအသင်းအတွင်းရေးမှူးမှသုံးသပ်ပြောကြားသည်။

 

Taxation Read 1548 times