တစ်လကျော်ကြာ တည်ငြိမ်နေသည့် ပြည်တွင်စက်သုံးဆီ ဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရန်ကုန်အထိုင်ဈေးကွက်ရှိ စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဖေဖော်ဝါရီ ၁၇ ရက်က အောက်တိန်း-92 တစ်လီတာလျှင် ကျပ် ၇၀၀၊ အောက်တိန်း- 95 တစ်လီတာလျှင် ကျပ် ၇၉၀၊ ဒီဇယ်တစ်လီတာလျှင် ၈၈၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၈၉၅ ကျပ်နှုန်းရှိပါတယ်။
စက်သုံးဆီ ဈေးနှုန်းများ ဇန်နဝါရီ ၁၀ ရက်ကစ၍ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေခဲ့ရာမှ ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ ဈေးနှုန်းပြောင်းလဲခြင်း ဖြစ်ပြီး ပြီးခဲ့သည့်တစ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းထက် အောက်တိန်း- 92 တစ်လီတာလျှင် ၅ ကျပ်နှုန်းမြင့်တက်ခဲ့ပါတယ်။
သို့သော် ရန်ကုန်စက်သုံးဆီ ဈေးကွက်၌ အခြားဆီဆိုင်များထက် ဈေးလျှော့ရောင်းချနေသည့် Yangon Petrol စက်သုံးဆီဆိုင်များကမူ စက်သုံးဆီအမျိုးအစား တစ်ခုချင်းအလိုက် တစ်လီတာလျှင် ၁၀ ကျပ်စီ မြင့်တက်ခဲ့ကြောင်း ယင်းဆိုင်၏ဈေးနှုန်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါတယ်။
‘ခရီးသွားရာသီဆိုရင် ပြည်တွင်းစက်သုံးဆီက တက်လေ့ရှိတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးကလည်း ဒီရက်ပိုင်း နည်းနည်းပြန်လှုပ်လာတယ်။ အဲဒါကြောင့်ဈေးနှုန်း အပြောင်းအလဲရှိလာတာလို့ ပြောနိုင်တယ်’’ ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းကစ၍ ၂၀၁၉ ဇန်နဝါရီ ပထမအပတ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် ယခုအခါ တစ်ကျော့ပြန် ဈေးမြင့်တက်လာခြင်းဖြစ်ပါတယ်။
7day daily