စက်ရုပ်များကြောင့် အလုပ်လက်မဲ့ပြဿနာ ဖြစ်ပေါ်လာနိုင်


18 July, 2018

အရှေ့တောင်အာရှ၏ ထုတ်လုပ်ရေးကဏ္ဍတွင် စက်ရုပ်များအသုံးပြုမှု တွင်ကျယ်လာခြင်းသည် ခေတ်သစ် ကျွန်ပြုမှုစနစ်ကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့သလို လုပ်ခလစာနည်းပါးသော အလုပ်များ၌ပါ လူအစား အလိုအလျောက်အလုပ်လုပ်သော စက်ကရိယာများကို အသုံးပြုလာခြင်းကြောင့် စက်ရုံလုပ်သားများ အလုပ်လက်မဲ့ဖြစ်လာမည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း လေ့လာဆန်းစစ်သူများက ဆိုခဲ့ကြသည်။

အရှေ့တောင်အာရှဒေသအတွင်း၌ လူအစားအလိုအလျောက် အလုပ်လုပ်သောစက်ကရိယာများကို အထည်ချုပ်စက်ရုံများမှသည် ယာဉ်များထုတ်လုပ်သောစက်ရုံများအထိ အသုံးတွင်ကျယ်လာခြင်းကြောင့် လုပ်သားအများအပြား အလုပ်ပြုတ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ဖြည်းဆည်းမှုကွင်းဆက်အတွင်း၌ အလုပ်သမားများအား အနိုင်ကျင့်မှုနှင့် ခေတ်သစ်ကျွန်ပြုမှုစနစ် ကြီးထွားလာနိုင်သည်ဟု ကမ္ဘာ့အကြံပေး ကုမ္ပဏီကြီးဖြစ်သော Verisk Maplecroft ၏ အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အလုပ်သမား ၁၃၇ သန်းခန့်သည် လာမည့်ဆယ်စုနှစ် ၂စုအတွင်း လူအစားအလိုအလျောက်အလုပ်လုပ်သော စက်ကရိယာအသုံးပြုမှုများကြောင့် အလုပ်များဆုံးရှုံးလာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းက ပြောဆို ခဲ့သည်။

“အစားထိုးဝင်ရောက်လာတဲ့ ကျွမ်းကျင်မှုမရှိတဲ့အလုပ်သမားတွေဟာလည်း လုပ်ခလစာနည်းပါးတဲ့အလုပ်တွေ လျော့နည်းလာမှုကိုရင်ဆိုင်လာရပြီး ကျွမ်းကျင်မှုမလိုအပ်တဲ့အလုပ်တွေရှားပါးလာခြင်းကြောင့် အလုပ်ခွင် အတွင်း ခေါင်းပုံဖြတ်မှုတွေကို မြင့်တက်လာစေနိုင်ပါတယ်” ဟု Maplecroft မှ Alexandra Channer က ပြောခဲ့သည်။

“စက်ကရိယာတွေ၊ စက်ရုပ်တွေနဲ့အတူ တွဲဖက်အလုပ်လုပ်နိုင်ဖို့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အစိုးရဘက်က လုပ်ငန်းခွင်အသားကျဖို့နဲ့ ပညာပေးမှုတွေလိုမျိုး တိကျခိုင်မာတဲ့စီမံချက်တွေနဲ့ ဆောင်ရွက်မှု မရှိခဲ့ဘူးဆိုရင် လူမှုစီးပွားရေးပြသနာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်” ဟုလည်း ဗြိတိန်အခြေစိုက် Maplecroft မှ လူ့အခွင့်အရေးအဖွဲ့ခွဲ၏ အကြီးအကဲဖြစ်သူက အစီရင်ခံစာထဲ၌ ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှမှ လယ်ယာကဏ္ဍ၊ သစ်တောနှင့်ငါးဖမ်းလုပ်ငန်းကဏ္ဍ၊ ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် လက်လီရောင်းချမှု ကဏ္ဍတို့မှ အလုပ်သမားများအနေဖြင့် စက်ရုပ်များအစားထိုးသုံးစွဲမည့် ပြသနာကို အဓိက ရင်ဆိုင်ရဖွယ်ရှိပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် အထိနာဆုံးဖြစ်နိုင်သည်ဟု Maplecroft ၏ နှစ်စဉ်အစီရင်ခံစာထဲ၌ သတိပေးဖော်ပြထားသည်။

အထူးသဖြင့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့၌ အမျိုးသမီးလုပ်သားများကို အဓိကအသုံးပြု နေရသည့် ချီမျှည်နှင့်အထည်ချုပ်လုပ်ငန်းကဏ္ဍသည် လူအစား အလိုအလျောက်အလုပ်လုပ်သော စက်ကရိယာများ အစားထိုးအသုံးပြုမည့်ခြိမ်းခြောက်မှုကို အဓိကရင်ဆိုင်နေရသည်ဟု Maplecroft က ဖော်ပြခဲ့သည်။

“လူအစားအလိုအလျောက်အလုပ်လုပ်တဲ့ စက်ကရိယာတွေဟာ ကျွမ်းကျင်မှုမလိုအပ်တဲ့ အလုပ်ခွင်တွေ အပေါ် အမြဲလိုလိုခြိမ်းခြောက်နေခဲ့ပါတယ်။ ဒါပေမယ့် အစိုးရနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီစက်ကရိယာ တွေကြောင့် အလုပ်သမားတွေအပေါ် ဘယ်လိုမျိုးအကျိုးသက်ရောက်နိုင်စေမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ် နိုင်ခွင့်ရှိပါတယ်” ဟု အလုပ်သမားအခွင့်ရေးများအတွက် ဆောင်ရွက်ပေးနေသော သမဂ္ဂများ၊အဖွဲ့အစည်းများ နှင့် ပရဟိတအဖွဲ့များကို အတူတကွပူးပေါင်းထားသော Ethical Trading Initiative မှ Cindy Berman က ပြောခဲ့သည်။

“နည်းပညာတွေဟာ အလုပ်သမားကဏ္ဍအတွက် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာတွေ ဟာ တစ်ချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့အလုပ်ခွင်နဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်တဲ့ ဖြေရှင်းချက်မျိုး လည်း ဖြစ်လာနိုင်ပါတယ်” ဟု သူမက ပြောခဲ့သည်။

Maplecroft ၏ အစီရင်ခံစာအတွင်း၌ဖော်ပြခဲ့သော အရှေ့တောင်အာရှ ငါးနိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံ မပါဝင်သော်လည်း အမျိုးသမီးလုပ်သားအများအပြားကို အလုပ်ပေးထားနိုင်သည့် ချည်မျှင်နှင့်အထည်ချုပ် လုပ်ငန်းကဏ္ဍသည် နိုင်ငံပို့ကုန်စီးပွားရေးထဲ၌ အရေးပါသောနေရာမှ ပါဝင်နေသောကြောင့် အလုပ်လက်မဲ့ ပြသနာနှင့် လူမှုစီးပွားရေးပြသနာများ မြင့်တက်လာနိုင်သည့်အတွက် အထူးသတိပြုရမည် ဖြစ်သည်။

Reference: Irrawaddy, Verisk Maplecroft

Global News Read 1447 times