နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းများ ကို ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးတွဲလုပ်ဆောင်ရန်မလိုဘဲ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုထားပြီ ဖြစ်သော်လည်း ယခုအချိန်အထိ လာရောက်ရင်းနှီးမြှုပ်နှံသော ပြည်ပလုပ်ငန်းရှင်များ နည်းပါး နေသေးကြောင်း သိရသည်။
ရော်ဘာပင်စိုက်ပျိုးရန် စိုက်ပျိုးမြေနေရာ၊ မြေဈေးနှုန်း၊ ရာသီဥတုအခြေအနေ၊ အလုပ်သမားခများနှင့် ပြည်တွင်း၌ ရော်ဘာခြံစိုက်ပျိုးရာတွင် လို အပ်သည့် အချက်အလက်များနှင့် ပတ်သက်၍ အာရှနိုင်ငံတချို့မှ စီးပွားရေး လုပ်ငန်းရှင်များက လာရောက်လေ့လာ စုံစမ်းမှုများရှိသော်လည်း ရင်းနှီးမြှုပ်နှံရန် ဆက်လက် ဆောင်ရွက်သူများ မရှိကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော လုပ်ငန်းရှင် အများစုသည် ငွေကြေး လျင်မြန်စွာလည်ပတ်နိုင်သော လုပ်ငန်းများတွင်သာ စိတ်ဝင်စားကြသဖြင့် ၇ နှစ်၊ ၈ နှစ်ခန့် ရင်းနှီးမြှုပ်နှံထားပြီးမှ အကျိုးအမြတ် စတင်ခံစားရမည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကို စိတ်ဝင်စားမှု နည်းပါးကြကြောင်း၊ ထို့အပြင် ရော်ဘာပင်များစိုက်ပျိုးရန် မြေဧကများအတွက် ငှားရမ်း ပေးဆောင်ရမည့် မြေဈေးနှုန်းကလည်း ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်လိုစိတ် ဖြစ်ပေါ်လာစေရန် နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဆွဲဆောင်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းမှ ရော်ဘာခြံစိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းများကို ပြည်ပလုပ်ငန်းရှင်များက လာရောက် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေသေးသည့်အတွက် လက်ရှိ တွင် ပြည်တွင်းမှ လုပ်ငန်းရှင်များကသာ အဆိုပါလုပ်ငန်း ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသော ရော်ဘာများ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုကာ ကျန်ရော်ဘာများကို ပြည်ပနိုင်ငံများသို့ ရော်ဘာကုန်ကြမ်းများအဖြစ် တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။