မြန်မာ-တရုတ်နှစ်နိုင်ငံ ခွင့်ပြုပါမစ် သက်တမ်းကုန်ဆုံးခြင်းကြောင့် ရော်ဘာတင်ပို့မှုယာယီရပ်ဆိုင်း


01 January, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ပြည်တွင်းထွက် ရော်ဘာတင်ပို့မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံကုန်သည်များ သဘောတူချုပ်အရ(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တင်ပို့ခွင့်(ပါမစ်)သက်တမ်း ကုန်ဆုံးခြင်းကြောင့် ရော်ဘာတင်ပို့မှုကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်သို့ ပြည်တွင်းထွက် ရော်ဘာများ ပြန်လည်တင်ပို့နိုင်ရန် တင်ပို့ခွင့်(ပါမစ်) အသစ်ထပ်မံချုပ်ဆိုပြီးမှသာလျှင် ရော်ဘာများကို ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။
“ဆန်နဲ့ ပြောင်းတင်ပို့မှုလိုပါပဲ၊ နှစ်ကုန်ပိုင်းဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံက တင်ပို့ခွင့်(ပါမစ်)ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်၊ လာမယ့်(၂၀၂၁)ခုနှစ်အတွက်ကျတော့ နှစ်နိုင်ငံ ရာဘာကုန်သည်တွေ အနေနဲ့ စာချုပ်အသစ်ထပ်မံချုပ်ပြီး ဖေဖော်ဝါရီလ (သို့မဟုတ်)မတ်လလောက်မှာ တင်ပို့ခွင့်(ပါမစ်) အသစ်ပြန်ချပေးမယ်လို့ သိရပါတယ်၊ ပါမစ်အသစ်ချပေးတာနဲ့ ရော်ဘာတင်ပို့မှုတွေကို ပုံမှန်အတိုင်း ပြန်ရလိမ့်မယ်လို့ မြင်ပါတယ်” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးစိုင်းနွံက ပြောသည်။
မူဆယ်မြို့၊ နယ်စပ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာသည့် ရော်ဘာပို့ကုန်ယာဉ်တစ်ချို့ကို အချိန်မီတင်ပို့နိုင်ရန် မူဆယ်မြို့၊ ခရိုင်/မြို့နယ်စီမံခန့်မှုကော်မတီတို့ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း၍ ဦးစားပေးအဆင့်ဖြင့် တင်ပို့ခြင်းကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
“ရော်ဘာတင်ပို့ခွင့်မကုန်ဆုံးခင် တစ်ပတ်အလိုမှာ ရော်ဘာကုန်သည်တွေ ပါမစ်စာချုပ်နဲ့အတူ ကျွန်တော်ဆီလာရောက်ပြီးတော့ တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် ရော်ဘာပို့ကုန်ယာဉ်(၁၀)စီးခန့် (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်ကို ရောက်ရှိလာကြောင်းကို အကြောင်းကြားလာပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ ကုန်သွယ်ရေးတာဝန်ရှိသူတွေနဲ့ အားလုံးတိုင်ပင်ပြီး ပါမစ်ကုန်ဆုံးမယ့်ရက်မတိုင်ခင်မှာ တရုတ်နိုင်ငံဘက်ကို အချိန်မီ တင်ပို့နိုင်ရန် ညှိနှိုင်းတိုင်ပင်ပြီးတော့ ဒီဇင်ဘာ ၂၈ ရက်မတိုင်ခင်မှာ တရုတ်နိုင်ငံဘက်ကို တင်ပို့နိုင်ရန် ဦးစားပေး ဆောင်ရွက်ပေးခဲ့ပါတယ်၊ ဒါကြောင့် ပါမစ်ပိတ်ရက်မတိုင်ခင် မူဆယ်မြို့ကို ရောက်ရှိလာတဲ့ ရော်ဘာပို့ကုန်ယာဉ်အားလုံးကို အချိန်မီတင်ပို့နိုင်ခဲ့ပါတယ်” လို့ ဦးစိုင်းနွံက ဆက်လက်ပြောကြားသည်။
နှစ်နိုင်ငံကုန်သည်များ ကြိုတင်ပြင်ဆင်ခွင့်ရရှိရန်နှင့် ဆုံးရှုံးနစ်နာမှုမရှိစေရန်အတွက် ရော်ဘာတင်ပို့မှုအား ယာယီရပ်ဆိုင်းမည့် အကြောင်းကို နှစ်နိုင်ငံကုန်သည်များအနေဖြင့် ကြိုတင်အသိပေး အကြောင်းကြားထားကြောင်းလည်း သိရသည်။
လက်ရှိပြည်တွင်းဘက်၌ ရော်ဘာအဝယ်ဒိုင်မရှိခြင်းကြောင့် ယခင်ထက် ရော်ဘာဈေးအနည်ငယ် ကျဆင်းသွားကြောင်း ရော်ဘာကုန်သည်များ၏ ပြောကြားချက်အရသိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ ရော်ဘာတင်ပို့မှုကို ပြန်လည်တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူညီစာချုပ်အသစ် ချုပ်ဆိုခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ပြီး ယခင်အတိုင်းပြန်လည် တင်ပို့ခွင့်ရရှိနိုင်ရန် ရော်ဘာကုန်သည်များက မျှော်လင့်နေကြကြောင်း သိရသည်။

MDN

Local News Export, Import Read 343 times