ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအများဆုံးလုပ်ကိုင်လေ့ရှိသည့် မွန်ပြည်နယ်တွင် ရော်ဘာမြို့တော်တည်ဆောက်ရန် မုဒုံမြို့နယ်ကို ရွေးချယ်ထားပြီးဖြစ်သည်။
မုဒုံမြို့နယ် လက်တက်ကျေးရွာရှိ ခပ်ရခပ်ယူဘုရားအနီးရှိ မြေ ၃၆၈ ဧကကို ရော်ဘာမြို့တော်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းအတွက် လုပ်ငန်းရှင်တချို့ကလည်း ညှိနှိုင်းမှုများရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။
"မွန်ပြည်နယ်က ရော်ဘာအဓိကစိုက်ပျိုး ရောင်းဝယ်တဲ့နေရာလည်း ဖြစ်တယ်။ မွန်ပြည်နယ်ရဲ့ ရော်ဘာဈေးကွက်ကို အဓိကထိန်းသိမ်းထားတဲ့ နေရာတစ်နေရာအနေနဲ့ရော၊ ဒီနေရာက နှစ်ရှည်သုတေသနစခန်းတွေလည်း ရှိတယ်ဆိုတော့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒါကို ဦးစားပေးပြီးတော့ လုပ်ချင်တယ်။အဓိကကရော်ဘာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေနဲ့စက်ရုံ စုတွေကို နေရာတစ်ခုတည်းမှာချပြီးတော့ ငှားရမ်းပေးမယ်၊ ရော်ဘာနဲ့ဆက်စပ်တဲ့လုပ်ငန်း အားလုံး ကိုလက်ခံပေးမယ်" ဟု ၎င်းက ပြောဆိုသည်။
အဆိုပါမြေနေရာများအတွက် မွန်ပြည်နယ်က မည်သည့်ရော်ဘာလုပ်ငန်း လုပ်ကိုင်သူမဆို လာရောက်လျှောက်ထားနိုင်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း လက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် တစ်ဧကကျပ်ငါးသိန်းနှုန်းဖြင့် ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်၏ ရော်ဘာအခြေအနေမှာ အကျဘက်ကိုသာဦးတည်နေပြီး လုပ်သားရှားပါးမှုကြောင့် လုပ်ငန်းရပ်ဆိုင်းထားရသည့် ရော်ဘာခြံများ ၂၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောဆိုသည်။
ရော်ဘာဈေးကျ၍ ရော်ဘာအစားအခြားသီးနှံပြောင်းလဲစိုက်ပျိုးသူများလည်း ရှိနေပြီး လက်ရှိ ရော်ဘာပေါက်ဈေးမှာလည်း အရည်အသွေးမီ ရော်ဘာတစ်ပေါင်လျှင် ကျပ် ၈၇၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧကငါးသိန်းဝန်းကျင်ရှိကာ တစ်နှစ်လျှင် ရော်ဘာတန်ချိန် တစ်သိန်းကျော် ထုတ်လုပ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရော်ဘာထွက်ကုန်၏ ၆၂ ဒသမ ၂၆ ရာခိုင်နှုန်းအထိ မွန်ပြည်နယ်က ထုတ်လုပ်ပေးလျက်ရှိသည်။
business directory