ရော်ဘာဈေးကျဆင်းမှုကြောင့် မွန်ပြည်နယ်အတွင်း ရော်ဘာခြံစိုက်ပျိုးသူလျော့နည်းလာ


29 June, 2018

ရော်ဘာဈေးကျဆင်းမှုကြောင့် မွန်ပြည်နယ်အတွင်း ရော်ဘာခြံစိုက်ပျိုးသူလျော့နည်းလာပြီး ရော်ဘာပျိုးပင်များ အရောင်းအဝယ်မကောင်းကြောင်း သထုံမြို့နယ်ကမာစိုင်ကျေးရွာ မှ ရော်ဘာမျိုးထုတ်လုပ်ရောင်းချသူ ဦးမြင့်စိုးက ပြောသည်။

ရော်ဘာဈေးမတည်ငြိမ်၍ ရော်ဘာခြံအသစ် စိုက်ပျိုးသည့် တောင်သူနည်းပါးလာပြီး ပင်အို များခုတ်လှဲခဲ့သည့် အချို့ခြံများ တွင်လည်း ရော်ဘာအစား ကျွန်း၊ပျဉ်းကတိုးနှင့် ကြက်မောက်၊ မင်းကွတ်ပင်များကို ပြောင်းလဲစိုက်ပျိုးလာကြောင်း ၎င်းက ပြောကြားသည်။

‘‘ရော်ဘာမျိုးရောင်းလာတာ ၁၅ နှစ်လောက်ရှိပြီး ရော်ဘာဈေး ပုံမှန်ရှိနေရင် ခြံသစ်ထွင်ပြီးတော့ လည်း စိုက်ကြတယ်။ ခုတ်ပြီးတဲ့ ခြံတွေလည်း မျိုးသန့်တွေကို ပြန် စိုက်ကြတယ်။ ဒီနှစ်က ရော်ဘာ ဈေးမရှိတော့ ခုတ်လှဲပြီးတဲ့ ခြံတွေကတော့ မဖြစ်မနေ ပြန်စိုက်ကြတာပဲ ရှိတယ်။ တချို့ခြံတွေဆို သစ်မာပင်တွေ သီးပင်၊ စားပင် တွေနဲ့ရောပြီး ပြန်စိုက်ကြတာတွေ ရှိတယ်။ ခြံသစ်စိုက်တဲ့သူက မရှိ သလောက်ပဲ’’ ဟု ဦးမြင့်စိုးက ပြောသည်။

ရော်ဘာအစေးခြစ်ရာသီအ စ ၂၀၁၇ စက်တင်ဘာတွင် မှိုင်းခံ ရော်ဘာပြား တစ်ပေါင်လျှင် ကျပ် ၁,၀၀၀ ခန့် ဈေးရှိသော်လည်း ဆက်တိုက်ဈေးနှုန်း ကျဆင်းပြီး သင်္ကြန်ကာလတွင် ရော်ဘာတစ် ပေါင်ကျပ် ၇၀၀ ခန့်သာ ဈေးရ ကြောင်း၊ ထို့အတွက် ရော်ဘာခြံအချို့ တွက်ခြေမကိုက်၍ ရာသီ မကုန်မီပင် အစေးခြစ်လုပ်ငန်းများ ရပ်နားခဲ့ကြောင်း ဘီးလင်း မြို့နယ် ဇီးဝန်းကျေးရွာမှ ရော်ဘာ ခြံပိုင်ရှင် ဦးမင်းမောင်က ပြော သည်။

သထုံဒေသတွင် BPM24, PB 235, PB 350, PB 360ရော်ဘာမျိုးများကို ရေမြေဒေသအလိုက် ရွေးချယ်စိုက်ပျိုးပြီး BPM 24 မျိုးသည် ခြံစိုက်တောင်သူများ ကြိုက်နှစ်သက်သည်ဟု သိရသည်။

‘‘မနှစ်က မျိုးသန့်သစ်ပင်ကို ဈေးအမြင့်ဆုံးကျပ် ၈၀၀ လောက် အထိ ရောင်းအားကောင်းခဲ့တယ်။ ဒီနှစ်မှာတော့ ကျပ် ၅၀၀ ခန့်ပဲ ရှိ တယ်။ မျိုးတစ်သောင်း ထုတ် ထားတာ ကြိုတင်မှာထားတဲ့ ဘားအံနယ်ဘက်က ခြံသမားတွေ ကို ငါးထောင်လောက်ပဲ ရောင်းရ သေးတယ်’’ဟု ဦးမြင့်စိုးက ပြော သည်။

မွန်ပြည်နယ်သည် မြန်မာ နိုင်ငံ၏ ရော်ဘာစိုက်ပျိုးမှု အများဆုံးဒေသဖြစ်ပြီး ရော်ဘာစိုက်ပျိုး မြေဧက ငါးသိန်းခန့်တွင် ဧကသုံး သိန်းခန့်၌ အစေးခြစ် ရော်ဘာ ထုတ်လုပ်နေပြီး ပြည်နယ်အတွင်း အသေးစား ရော်ဘာခြံစိုက်ပျိုးရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်နယ်ရော်ဘာစိုက် ပျိုးထုတ်လုပ်သူအသင်းမှ သိရသည်။

  7 Day Daily

Local News Read 596 times