ရော်ဘာတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့


24 January, 2019

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကာလတူထက် ရော်ဘာတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ခြောက်သောင်းသုံးထောင်ကျော် တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ ၇၈ သန်းကျော်ရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူကမူ ရော်ဘာတန်ချိန် ငါးသောင်းနှစ်ရာကျော်တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိခဲ့ကြောင် ယင်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နှစ်စဉ် တရုတ်ဘက်က ရော်ဘာများကို တန်ချိန် ရှစ်သောင်းနှင့် တစ်သိန်းအကြားဝယ်ယူနေပြီး ယခုနှစ်တွင်လည်းတန်ချိန်များ ပိုမိုဝယ်ယူရန် ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် အရည်အသွေးမီ ရော်ဘာတစ်ပေါင်ကို ကျပ် ၇၅၀ ဖြင့်ရောင်းဝယ်နေကြောင်း ရော်ဘာစိုက်ပျိုးသူ ဦးသန်းနိုင်က ပြောကြားသည်။လက်ရှိတွင် ရော်ဘာဈေးကျသည်ဆိုသော်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့်က တစ်ပေါင်ကို ကျပ် ၄၀၀ အထိ ဈေးကျခဲ့သည်အတွက် ခြံငယ်လုပ်ငန်းရှင်များက အရှုံးပေါ်လုပ်ငန်းရပ်ဆိုင်းသည်အထိဖြစ်ခဲ့ကြောင်း၊ လတ်တလော ဈေးကျနေသော်လည်း အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ပါက ဈေးအမြင့်ရနိုင်သောကြောင့် သဲနှင့် ခဲလုံးများမပါဝင်စေရန် သတိထားသင့်ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်း ရော်ဘာထွက်နှုန်း၏ ၇၀ ရာခိုင်နှုန်းကို တရုတ်သို့တင်ပို့ပြီး ၂ဝ ရာခိုင်နှုန်းကို ဂျပန်နှင့် စင်ကာပူတို့သို့တင်ပို့ကာ ကျန် ၁ဝ ရာခိုင်နှုန်းကို ပြည်တွင်း ကားတာယာထုတ်သည့် လုပ်ငန်းများတွင်အသုံးပြုကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

The Voice

Export, Import Read 406 times