စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ နန့်လှိုင်ကျေးရွာအနီးရှိ ရော်ဘာပင်များ စိုက်ပျိုးသူများသည် ယခင်နှစ် ဩဂုတ်လမှစ၍ ထုတ်ယူရရှိသည့်
ရော်ဘာအစေးများကို လာမည့်ဖေဖော်ဝါရီလအတွင်း၌ တင်ပို့ရောင်းချရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါရော်ဘာပင်များကို (၁၀) ဦးခန့် စုပေါင်းပြီး တစ်ဦးလျှင် (၆)ဧကခန့်အထိ စိုက်ပျိုးထားရာ ရော်ဘာ အစေးများကို တစ်ရက်လျှင် ပေါင်(၆၀)ခန့် ထုတ်ယူရရှိကြောင်း သိရသည်။
“ရရှိတဲ့ ရော်ဘာအစေးတွေကို မန္တလေးသို့ တင်ပို့ရောင်းချတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ဩဂုတ်လမှာ ရော်ဘာ အစေး (၁)ပေါင်ကို ငွေကျပ်(၇၀၀)ကနေ (၈၀၀)ခန့်အထိ ရောင်းချရပြီး အဲ့ဒီနောက်မှာ ထုတ်ယူရရှိတဲ့ ရာဘာအစေးတွေကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် သယ်ယူပို့ဆောင်တဲ့နေရာမှာ အဆင်မပြေ တာကြောင့် မရောင်းသေးဘဲ၊ လာမယ့် ဖေဖော်ဝါရီလမှာ ရောင်းဖို့ စီစဉ်ထားတာဖြစ်တယ်” ဟု ရော်ဘာခြံပိုင်ရှင် ဒေါ်ရီမေသားထံမှ သိရသည်။
ရော်ဘာပင်များမှ ထွက်ရှိသည့် ရော်ဘာအစေးများကို လွန်ခဲ့သည့် သုံးနှစ်ခန့်တွင် တစ်ပေါင်လျှင် ငွေကျပ်(၁၀၀၀)အထိ ရောင်းချရသော်လည်း ယခုနှစ်တွင် ရော်ဘာအစေး (၁)ပေါင်လျှင် ငွေကျပ်(၇၀၀) မှ (၈၀၀)အထိသာ ရောင်းချရပြီး ရာဘာပင်မျိုးများကို မိုးညှင်းမြို့နှင့် မြစ်ကြီးနားမြို့မှ ဝယ်ယူစိုက်ပျိုး ထားကာ မိုးတွင်းကာလတွင် ရော်ဘာအစေးအတွင်းသို့ မိုးရေများ ဝင်သောကြောင့် ရော်ဘာအစေးနှင့် လုပ်အားခများ ဆုံးရှုံးသည့်အတွက် ရော်ဘာအစေးထုတ်လုပ်ခြင်းကို အနည်းငယ်သာ လုပ်ကိုင်ကြောင်း သိရသည်။
MDN