စစ်ကိုင်းနှင့်ရှမ်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး


26 September, 2017

ဒသမအကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ၏  စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်း တင်ပြသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံအများဆုံးထွက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၌ အဓိကစိုက်ပျိုးသည့် ကုလားပဲဖြူလုံးကြီးသည် နိုင်ငံတကာစျေးကွက်ရရှိနေသော်လည်း မျိုးရိုးဗီဇ၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းလာခြင်းကြောင့် အရည်အသွေးကောင်း ပဲမျိုးစေ့များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေး နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရန်

ကုန်သွယ်မှုမြင့်တက်လာရာတွင် မုံရွာကုန်စည်ဒိုင်နှင့် ပွဲရုံများသည် မြို့အတွင်းတွင်တည်ရှိနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများ ကြုံတွေ့လာရသဖြင့် မြို့ပြင်တွင် စနစ်ကျသော ကုန်စည်ဒိုင်နှင့် ပွဲရုံတန်းများ ဖော်ဆောင်ပေးရန်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ဇော်မှ တင်ပြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော် စခန်းနှစ်ခုတို့မှ အများဆုံး ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု လမ်းမကြီးဖြစ်သည့် (မန္တလေး-လားရှိုး-မူဆယ်) လမ်းမကြီးသည် ယိုယွင်းပျက်စီးလာခြင်း၊ မိုးကာလ၌ တောင်ပြို၊ လမ်းချော်မှုများရှိသဖြင့် ကုန်တင်နောက်တွဲ ယာဉ်ကြီးများ စက်ချို့ယွင်းမှုများ၊ တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းများဖြစ်ကာ ကုန်သည်များ နစ်နာမှုများ ကြံုတွေ့နေရခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီးအား ပြုပြင်ပေးရန်

ရှမ်းမြောက်ဒေသတွင် အားထားစိုက်ပျိုးထုတ်လုပ်နေသော ဆန်စပါးနှင့် ပြောင်းသီးနှံအပြင် အခြားစီးပွားဖြစ်သီးနှံများအား တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ၌ တစ်ဖက်နိုင်ငံ၏ ၀ယ်လိုအား အပေါ်မူတည်၍ စျေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ သတ်မှတ်စျေးနှုန်းထက်လျော့၍ တင်ပို့ရောင်းချ နေရခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များ နစ်နာလျက်ရှိကြောင်း

စိုက်ပျိုးထုတ်လုပ်သည့် သီးနှံကုန်ကြမ်းများအပေါ် ကုန်ချောထုတ်လုပ် တင်ပို့ရောင်းချနိုင်မည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်၍ သွင်းကုန်အစားထိုး ကုန်ချောများ တင်ပို့နိုင်ရန် ရှမ်းမြောက်ဒေသတွင် စက်မှုဇုန်များတည်ထောင်နိုင်မှု မရှိသေးသော်လည်း နိုင်ငံပိုင်စက်ရုံ (၃) ရုံ၊ ပုဂ္ဂလိကစက်ရုံ (၁၃၀) ရုံ၊ အလုပ်ရုံ (၄၆၁) ရုံ နှင့့် အိမ်တွင်းလုပ်ငန်းလုပ်ကိုင်မှု (၅၆၅) ခု တို့ဖြင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက စက်မှုဇုန်များတည်ထောင်ပေးပြီး စက်မှုလက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးမည်ဆိုပါက ကျွမ်းကျင်လုပ်သားများ ရရှိနိုင်မည့်အပြင် အလုုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ပြည်ပသွားရောက်လုပ်ကိုင်မှုနှင့် အလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မည်ဖြစ်ကြောင်း

ရှမ်းမြောက်ဒေသတွင် ထင်ရှားသော နေရာများစွာရှိသဖြင့် တရုတ်နိုင်ငံသားများသာမက ကမ္ဘာလှည့် ခရီးသွားများပါ လာရောက်လည်ပတ်လျက်ရှိရာ မန္တလေးမှတစ်ဆင့် လာရောက်ရသည့်အတွက် လုံခြံုရေးအားနည်းမှုနှင့် ခရီးလမ်းကြန့်ကြာမှုများရှိနေကြောင်း

လားရှိုးဒေသသို့တိုက်ရိုက်လည်ပတ်နိုင်ပါက ခရီးသွားလုပ်ငန်းများ ကျယ်ပြန်လာနိုင်သည်နှင့်အမျှ ဒေသတွင်း ဟိုတယ်လုပ်ငန်းများ၊ မော်တော်ယာဉ်ပြေးဆွဲမှုများလည်း တိုးတက်လာကာ နိုင်ငံခြားဝင်ငွေလည်း တိုးမြှင့်ရရှိမည်ဖြစ်ပါကြောင်း

လားရှိုးလေယာဉ်ကွင်းအား အလတ်စားဂျက်လေယာဉ်များ ဆင်းသက်နိုင်ရေးနှင့် တစ်ဖက်နိုင်ငံ တိုက်ရိုက် ခရီးစဉ်သစ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်နိုင်ပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြပါသည်။

Local News Read 730 times