စစ်ကိုင်းတွင် ဟိုတယ်ဇုန်နှင့် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရန် လုပ်ငန်းရှင်များ ဖိတ်ခေါ်


08 March, 2019

စစ်ကိုင်းမြို့ ကမ်းနားလမ်းတစ်လျှောက်မှာ ဟိုတယ်ဇုန်နဲ့ ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံလိုတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။


စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟာ River View ဟိုတယ်ဇုန်နဲ့ ဆိပ်ကမ်းစီမံကိန်းကို စစ်ကိုင်းမြို့ အင်းဝတံတားမှ ဧရာဝတီမြစ်ကမ်းနားလမ်း တစ်လျှောက် နောက်ကြည့်ကျွန်းအထိ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။


‘‘ စစ်ကိုင်းတိုင်းထဲမှာ ဧရာဝတီမြစ်ရှိတယ်၊ ချင်းတွင်းမြစ်ရှိတယ်။ ဒီမြစ်ကြီးကို အသုံးပြုပြီးတော့ ဘာတစ်ခုမှ လုပ်ထားတာ မရှိဘူး။ ဧရာဝတီမြစ်ကို အသုံးပြုပြီးတော့ River View အနေနဲ့ ဟိုတယ်ဇုန်တို့၊ ဆိပ်ကမ်းတို့လုပ်သွားဖို့ ရည်ရွယ်ပါတယ်။ ပုဂ္ဂလိကရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်ကိုင်းကမ်းနား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာပါ ’’ ဟု ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

ထိုစီမံကိန်းကို ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်များ တင်ပြမယ့် စီမံချက်များအပေါ် မူတည်၍ ဧက ၁၅၀ ခန့်ရှိတဲ့ စီမံကိန်းငယ်နဲ့ ဧက ၁,၅၀၀ ခန့်ရှိတဲ့ စီမံကိန်းကြီးဟူ၍  အကာင်အထည်ဖော်ရန် လျာထားပါတယ်။


‘‘ ရင်းနှီးမြှုပ်နှံမယ့်လူရဲ့ အစီအစဉ်ပေါ် မူတည်မှာပေါ့။ ဟိုတယ်နဲ့ ဆိပ်ကမ်းအပြင် အိမ်ရာစီမံကိန်း စာသင်ကျောင်းတွေလည်း ပါနိုင်တယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းဖြစ်တဲ့အပြင် စီမံကိန်းကကြီးတဲ့အတွက် MIC နဲ့ ပြည်ထောင်စုအစိုးရကိုပါ တင်ပြပြီးတော့မှ ဆောင်ရွက်သွားရမှာပါ ’’ ဟု ဦးကျော်ဝင်းလှိုင်ကပြောပါတယ်။


အဆိုပါ စီမံကိန်းဆောင်ရွက်ရန် လာရောက်စုံစမ်းတဲ့ ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုအနက် စီမံကိန်းလုပ်ဆောင်ရန် လျှောက်ထားတဲ့ ကုမ္ပဏီနှစ်ခုသာ ရှိသေး၍  ကုမ္ပဏီများ ထပ်လျှောက်ရန် ဖိတ်ခေါ်ထားပြီး စီမံကိန်းအစီအစဉ် ထွက်လာရင်လည်း အများပြည်သူသိရန် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။


7daily  

Myanmar Industry Directory

Local News Read 1607 times