စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်း၍ သကြားစက်ရုံနှင့် ဘိုင်အိုမက် (ဇီဝဒြပ်)မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းလုပ်ဆောင်ရန် နေပြည်တော်တွင် ပြုလုပ်သည့် Invest Myanmar Summit 2019 ဖိုရမ်တွင် ဒေသအစိုးရနှင့်ကုမ္ပဏီအကြား ရင်းနှီးမြှုုပ်နှံမှုဆိုင်ရာ လက်မှတ်ရေးထိုးခဲ့သည်။
ပြည်တွင်းကုမ္ပဏီဖြစ်သည့် Greatwall foodstep industry ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ယူနန်ပြည်နယ်ရှိ Houng Koung International Sugar Engineering ကုမ္ပဏီတို့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် သကြားထုတ်လုပ်ရေးစက်ရုံ တည်ထောင်ခြင်းနှင့် မဂ္ဂါဝပ် ၁၂ဝ ရှိ Biomass အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းများ လုပ်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးရှိ ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ စက်ရုံနှစ်ခုစလုံးကို နေရာကပ်လျက် တည်ဆောက်သွားမည်ဖြစ်ပြီး ပထမအဆင့်နေဖြင့် တစ်နေ့လျှင် ကြံတန်ချိန် ၁ဝ,ဝဝဝ ကြိတ်နိုင်မည့် သကြားစက်ရုံတည်ဆောက်ခြင်းနှင့် ယင်းစက်ရုံကို ဓာတ်အားပေးနိုင်မည့် မဂ္ဂါဝပ် ၆ဝ ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်ဟု ၎င်းက ဆိုသည်။
စီမံကိန်းနှစ်ခုစလုံးအတွက် ရင်းနှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၂ဝဝ ရှိမည်ဖြစ်ပြီး ပထမအဆင့်တွင် ... ယင်းစီမံကိန်းနှစ်ခုစလုံးအတွက် ရင်းနှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၂ဝဝ ရှိမည်ဖြစ်ပြီး ပထမအဆင့်တွင် သကြားစက်ရုံအတွက် ကန်ဒေါ်လာသန်း ၁၂ဝ၊ လျှပ်စစ်စက်ရုံအတွက် ကန်ဒေါ်လာ သန်း ၈ဝ ရင်းနှီးမြှုုပ်နှံသွားမည်ဖြစ်သည်။ ထို့ပြင် စီမံကိန်းများတိုးချဲ့မည့်အစီအစဉ်အရ ဒုတိယအဆင့်တွင် စီမံကိန်းနှစ်ခုပေါင်း ကန်ဒေါ်လာ ၁၅ဝ ထပ်မံရင်းနှီးမြှုုပ်နှံရန်ရှိကြောင်း ဦးသန်းဇော်ဦးက ပြောသည်။
လျှပ်စစ်ဓာတ်အား ပိုလျှံပါက ရောင်းချသွားရန် အစီအစဉ်ရှိရာ ရောင်းချပါက နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေး စနစ်ထဲသို့ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း Biomass အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်း မရှိသလောက် နည်းပါးသော်လည်း အခြားနိုင်ငံများတွင် ယင်းစနစ် စတင်နေပြီဖြစ်ကြောင်း သိရသည်။
''ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနေနဲ့ စိုက်ပျိုးရေးမှာ ဦးစားပေးတယ် ပြောပေမဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ ရင်းနှီးမြှုုပ်နှံမှုဟာ အားနည်းနေတယ်။ အဲဒီထဲမှာမှ ဒီကုမ္ပဏီ (ပြည်တွင်းကုမ္ပဏီ) က စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုုပ်နှံမှုတွေ အားကောင်းစွာ လုပ်ဆောင်နေတာ ဖြစ်တယ်။ သူတို့နဲ့အတူ နိုင်ငံခြားက ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့မှ နည်းပညာတွေ၊ ဈေးကွက်တွေ၊ ငွေကြေးအရင်းအနှီးတွေ ကိုယ့်တိုင်းပြည်ထဲ ဝင်လာအောင်လုပ်နိုင်တာ ဒီကုမ္ပဏီမှာ တွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီး တိုးချဲ့လုပ်ဖို့မျှော်လင့်တယ်''ဟု ဦးသန်းဇော်ဦးက ဆိုသည်။