နေအိမ်တွင်နေထိုင်ရေး (Stay at home) ကာလတွင် မဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှ လွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုကြောင်း သတ်မှတ်ကြေညာထားသည့်အတွက် ထိုကာလအတွင်း အလုပ်သမားများအတွက် လုပ်ခလစာထောက်ပံ့ပေးနိုင်ရေးကို ယနေ့ စက်တင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
(Stay at Home) အစီအစဉ်တွင် ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ
လူမှုဖူလှုံရေး ထည့်ဝင်ကြေး ပေးသွင်း ထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများအား ၂၀၂၀ခုနှစ် (၆)လပိုင်းအထိ ပေးသွင်းထားပါကလုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊
လူမှုဖူလှုံရေးမပေးထားသည့်အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ရန်စီစဉ်နေသည် ဖြစ်သည့်အတွက်
လုပ်ခလစာများကို Online Payment ဖြင့်ပေးအပ်မည့်အစီအစဉ်၊ အလုပ်သမားစာရင်းများပြုစုနိုင်ရေး၊
Database တည်ဆောက်နိုင်ရေး၊အလုပ်သမားများ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့် အချက်အလက်များတိကျမှန်ကန်မှုရရှိရန် စိစစ်နိုင်ရေး၊
သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အသင်းချုပ်ဘက်မှ ဥက္ကဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဌ ဦးဝေဖြိုး၊ဦးသောင်းတင်၊အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဦးအောင်စိုးသာ၊ ဦးအေးထွန်းတို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်