တောင်ကိုရီးယား အခြေစိုက် Samsung Electronics သည် ဉာဏ်ရည်တု AI ထည့်ပေးထားသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်မည့် လမ်းကြောင်းပေါ်တွင် ခပ်သွက်သွက် လျှောက်လှမ်းနေသည်။
အိမ်ထောင်စု အများအပြားတို့၏ အနာဂတ်တွင် ဉာဏ်ရည်တု ပါသော အရာများ ရှိနေကြမည်။
မီးဖိုချောင်တွင် ရိုဘော့စက်ရုပ်တစ်ရုပ် အလုပ်ရှုပ်နေပြီး အိမ်သူအိမ်သားတို့ စားသောက်ဖို့ ညစာကို ပြင်ဆင်ပေးနေသည်။ သူက အိမ်သူအိမ်သား တစ်ဦးချင်းစီ၏ အကြိုက်များကို သိသည်။ အစပ်မကြိုက်သူအတွက် သူက အစပ်ပါလျှင်တောင် အစပ်လျှော့ပေးထားမည်။ သူက အိမ်သူအိမ်သား တစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေအရ မည်သို့သော အစားအစာမျိုးကို စားသင့်သည်ကိုလည်း သိသည်။ ထိုသို့ သူသိထားသည့်အလျောက် ညစာကို စီမံပေးမည် ဖြစ်သည်။
ထိုသို့ဖြစ်လာဖို့ ကြာဦးမည်ဟု ထင်စရာ ဖြစ်ေကာင်းဖြစ်နေနိုင်သည်။
တောင်ကိုရီးယား ကုမ္ပဏီက ဖြစ်လာဖို့ သိပ်မကြာတော့ဟု ရှုမြင်ထားသည်။
၎င်းက အိမ်သုံး အီလက်ထရွန်းနစ် လျပ်စစ်ပစ္စည်း အမျိုးမျိုးတို့တွင် ဉာဏ်ရည်တု AI (artificial intelligence) စွမ်းရည် ထည့်သွင်း ထုတ်လုပ်မည်။ ပစ္စည်းအမျိုးမျိုးတို့ အချင်းချင်း အကြား အချိတ်အဆက်လည်း ရှိနေကြမည်။ စမတ်ဖုန်းနှင့် တီဗီတို့အကြားသာ အချိတ်အဆက် ပြုနိုင်သည် မဟုတ်ဘဲ အိမ်သုံးပစ္စည်းမျိုးစုံတို့အကြားတွင်လည်း အချိတ်အဆက်များ ရှိနေကြမည်ဖြစ်သည်။
Nikkei သတင်းမီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် လူသုံးကုန်အီလက်ထရွန်နစ်များ၏ အကြီးအကဲနှင့် စီအီးအို Kim Hyun-suk က "ကမ္ဘာ့လူဦးရေတွင် ၂၅ မှ ၃၀% ဝန်းကျင်တို့က Samsung ရဲ့ ထုတ်ကုန်တွေကို နေ့စဉ် သုံးနေကြတဲ့အတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ အခွင့်အလမ်း ရနေစေတယ်" ဟု ပြောပြသည်။
Samsung Electronics ထုတ်ကုန်အမျိုးမျိုးအကြား အချိတ်အဆက် ရှိနေတဲ့အတွက် Apple နဲ့ လုံးဝကွဲပြားတဲ့ နယ်ပယ်ထဲမှာ သုံးစွဲသူတွေကို အထူးသီးသန့် အတွေ့အကြုံတွေ ကုမ္ပဏီက ပေးနိုင်မှာ ဖြစ်ကြောင်း Kim က ပြောပြသည်။
မဟာ့မဟာ အီလက်ထရွန်းနစ် လုပ်ငန်းကြီး Samsung Electronics သည် ပြီးခဲ့သည့်နှစ်တွင် ရောင်းအား အမေရိကန်ဒေါ်လာ ၄၁.၃ ဘီလျံ ရှိခဲ့ပြီး တီဗီ ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။
အဆင့်မြင့်ချိတ်ဆက်မှုများဖြင့် ဥပမာ အားဖြင့် Samsung TV သည် ကျန်းမာရေး လေ့ကျင့်ခန်း အစီအစဉ်တစ်ခုကို ပြသမည်။ တီဗီမှာ ထည့်ထားသည့် စင်စာများက သုံးစွဲသူ၏ လှုပ်ရှားမှုများကို လိုက်လံကြည့်ရှု မှတ်သားပေးနေမည်။ သုံးစွဲသူ ဝတ်ဆင်ထားသည့် ကိရိယာကလည်း ကိုယ်ခန္ဓာမှ အချက်အလက်များ သတင်းပေးပို့ နေမည် ဖြစ်သည်။
အချက်အလက်များ အားလုံးကို AI စွမ်းပကားသုံး စနစ်က လေ့လာဆန်းစစ်ပြီး သုံးစွဲသူအတွက် ဆီလျော်သည့် လေ့ကျင့်ခန်း အစီအစဉ်ကို အကြံပြုပေးမည် ဖြစ်သည်။
ဘာချက်စားရင်ကောင်းမလဲ ဆိုသည်ကို Samsung Electronics ၏ ထုတ်ကုန်များက အဖြေထုတ်ပေးမည် ဖြစ်သည်။ AI က ရေခဲသေတ္တာထဲ အသင့်ရှိနေသည်များဖြင့် ကျန်းမာရေးအတွက် ချက်ပြုတ်၍ ရနိုင်သည်များကို ပြောပြပေးမည် ဖြစ်သည်။ ထို့အတွက် Samsung က ချက်နည်းပြုတ်နည်းကို ဝန်ဆောင်မှု ပေးမည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ကျင်းပသော လူသုံးကုန် အီလက်ထရွန်းနစ် ပြပွဲ 2021 CES တွင် Samsung က ရိုဘော့ထောက်ကူသော အိမ်တစ်အိမ်သည် မည်သို့ရှိမည် ဆိုသည်ကို ပြသခဲ့သည်။ ရိုဘော တစ်ခုက အိမ်မှုကိစ္စ ဗာရီယများကို လုပ်ကိုင်ပေးသည်။
ကင်မရာမှ မြင်ရသည့်ပုံကို မှတ်မိသည့် နည်းပညာများနှင့် ထိန်းကျောင်းပေးသည့် ချစ်ပ်များ တိုးတက်လာခြင်းနှင့်အတူ အိမ်သုံးရိုဘော့ ပင်ကို စွမ်းရည် မြင့်တက်လာမည်။ ရိုဘော့သည် အိမ်ထောင်စုဝင်တစ်ဦး ဖြစ်လာမည်။
ရိုဘော့က အိမ်သူအိမ်သား တစ်ဦးချင်းအရ အလိုအလျောက် လုပ်ကိုင်ပေး နိုင်မည် ဖြစ်သည်။ Samsung Electronics ထုတ်ကုန်များအကြား အချိတ်အဆက် ရှိနေပြီး AI က စဉ်းစားဆုံးဖြတ်ပေးနေသဖြင့် ၎င်းပစ္စည်းများ တသီးတခြားစီဖြင့် ဘာမျှ မပတ်သက်ခြင်း ရှိတော့မည် မဟုတ်ဘဲ အားလုံး သိုက်သိုက်ဝန်းဝန်း ဖြစ်နေကြမည်။
newsuwc.com