ဆော်ဒီနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးနေစွမ်းအင်ထုတ်စီမံကိန်း စတင်မည်


03 April, 2018

ဆော်ဒီအာရေဗျနိုင်ငံ၌ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယင်းနိုင်ငံ နှင့် ဂျပန်နိုင်ငံရှိ ထိပ်တန်းရင်းနှီးမြှုပ်နှံရေးလုပ်ငန်းအုပ်စုကြီးဖြစ်သော ဆော့ဖ်ဘဏ်တို့ မိတ်ဖက်ပြုဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက မတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ ၂ဝ၃ဝ ပြည့်နှစ်ထက် နောက်မကျဘဲ လျှပ်စစ်ဓာတ်အား ဂီဂါဝပ် ၂ဝဝ ထုတ်လုပ်နိုင်မည့် နေစွမ်းအင် စီမံကိန်းအတွက် ဒေါ်လာ ဘီလီယံ ၂ဝဝ အသုံးပြုဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းလျှပ်စစ်ဓာတ်အား ပမာဏမှာ နေအိမ်အလုံးပေါင်း သန်း ၁၅ဝ အတွက် အလုံအလောက် ဓာတ်အားထောက်ပံ့ပေးနိုင်သော ပမာဏဖြစ်သည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် အမေရိကန် ခရီးစဉ်အတွင်း နေစွမ်းအင်စီမံကိန်းနှင့်ပတ်သက်၍ ဆော့ဖ်ဘဏ် အမှုဆောင်အရာရှိချုပ် မာဆာယိုရှီဆန်းနှင့် ပဏာမသဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဆော်ဒီနိုင်ငံ၌ အကောင်အထည်ဖော်မည့် နေစွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းအရ နိုင်ငံတစ်ဝန်းတွင် နေစွမ်းအင်ထုတ်လုပ်ရေးစခန်းများ ကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းပထမအဆင့်အရ လျှပ်စစ် ဓာတ်အား ၇ ဒသမ ၂ ဂီဂါဝပ် ထုတ်လုပ်မည်ဖြစ်ကြောင်း ဆော့ဖ်ဘဏ် ပြောရေးဆိုခွင့်ရှိသူ မက်သူး နီကိုဆန်က ပြောကြားသည်။

နေစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းကို ယခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှစ၍ လုပ်ငန်းလည်ပတ်မှု စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဆော်ဒီအိမ်ရှေ့မင်းသားသည် ၎င်း၏နိုင်ငံအား ရေနံလုပ်ငန်း အပေါ် မှီခိုအားထားနေသော နိုင်ငံအဖြစ်မှ ကဏ္ဍပေါင်းစုံ လုပ်ကိုင် သော စီးပွားရေးတည်ရာနိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။

NPE

Global News Read 472 times