Savoy Hotel Yangon အပြီးအပိုင် ပိတ်သိမ်း


02 February, 2022

Savoy Hotel Yangon အပြီးအပိုင် ပိတ်သိမ်း

ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် Savoy ဟိုတယ် အပြီးပိတ်သိမ်းကြောင်း ကြေညာထားသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယင်းဟိုတယ်က ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 “အပြီးပိတ်သိမ်းတာတော့ ဟုတ်ပါတယ်။ အဌားစာချုပ် ပြည့်သွားတာကြောင့်လည်း ဖြစ်ပါတယ်” ဟု အဆိုပါဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက Eleven Media သို့ ဖြေကြားသည်။

အဆိုပါဟိုတယ်၏ ထုတ်ပြန်ကြေညာချက်တွင် ၂၅ နှစ်တိုင်လုပ်ကိုင်ခဲ့ပြီးနောက် ဟိုတယ်ကိုအပြီး ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း၊ ဟိုတယ်တွင် လာရောက်တည်းခိုခဲ့သည့် ဧည့်သည်များ၊ ဟိုတယ် စားသောက်ဆိုင်သို့ လာရောက်ခဲ့သည့် ဧည့်သည်များ၊ ဟိုတယ်ရှိ ကပ္ပတိန်ဘားသို့ လာရောက်ခဲ့သည့် ဧည့်သည်များကို ကျေးဇူးအထူးတင်ရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

Savoy ဟိုတယ်သည် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု ဆိုင်ရာများဖြင့် နာမည်ကျော်ကြားသော ဟိုတယ်လည်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ပုဂ္ဂလိကပိုင်အဖြစ် Savoy Hotel Yangon သည် ရှေးဟောင်းအမွေအနှစ်ဆိုင်ခန်း ဟိုတယ်တစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ဓမ္မစေတီလမ်းပေါ်တွင်ရှိပြီး ရွှေတိဂုံဘုရားနှင့် အနီးစပ်ဆုံးနေရာတွင် တည်ရှိခဲ့သော ဟိုတယ်လည်းဖြစ်ကြောင်း၊ အခန်းပေါင်း ၃၀ ကျော်ရှိပြီး နာမည်ကြီးဟိုတယ်တစ်ခုဖြစ်ကြောင်း ခရီးသွားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Tripadvisor တွင် ဖော်ပြထားချက်အရ သိရသည်။

News-eleven.com


 

Investment/Divestment Read 2053 times