ကချင်တွင် တနိုင်တပိုင်သတ္တုတူးဖော်ခွင့် ပြန်ပေးရန် တောင်းဆို


27 September, 2018

ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်မြို့နယ်တို့တွင် ပယင်း၊ ရွှေ သတ္တုတို့ကို တနိုင်တပိုင် တူးဖော်ထုတ်လုပ်ခွင့် အမြန်ဆုံးခွင့်ပြုပေးနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးရန် သမ္မတဦးဝင်းမြင့်ဆီသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က စာပေးပို့ တောင်းဆိုသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးတို့ ၂ ဦးက စက်တင်ဘာလ ၁၇ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

တင်ပြရသည့်အကြောင်းရင်းမှာ နိုင်ငံတော်၏ သယံဇာတများ နစ်နာမှုမရှိစေရေး၊ နိုင်ငံသူ/သားများ စားဝတ်နေရေး ပြေလည်ရန်၊ အလုပ်လက်မဲ့ပြဿနာ နည်းပါးရန်နှင့် အစိုးရက အခွန်ဘဏ္ဍာများရရှိစေရေးတို့အတွက်ဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။

“မြေပြင်အခြေအနေက ဒေသမှာ ကြားရတဲ့အနေအထားအရ အခုလည်း လုပ်နေကြတာပဲ။ လူပုဂ္ဂိုလ်တချို့ကနေလည်း ဝင်တူးလို့ ရနေတယ်ဆိုတဲ့ သတင်းမျိုး ကြားနေရတယ်။ တရားမဝင်ဘဲ ဖြစ်မှာပေါ့။ တနိုင်းဘက်မှာတော့ ဒေသပြောတဲ့ အနေအထားအရ ပယင်းက တနိုင်တပိုင် တူးလို့ရတယ်။ ယာဉ်ယန္တရားတွေနဲ့က တူးလို့ မရဘူး။ ပယင်းသဘောက မြေလည်း ပျော့တော့ ဒီလိုပဲ တူးကြတာပဲ”ဟု ၎င်းက ပြောသည်။

ယခင်တနိုင်းဒေသ ပယင်းမှော်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ထိန်းချုပ်ဒေသဖြစ်သော်လည်း ယခုအခါ တပ်မတော်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေစိုးမိုးရေးအတွက် အရပ်ဘက်အဖွဲ့များ အလုပ်လုပ်နိုင်ရေး တပ်မတော်က ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းလည်း ဦးလင်းလင်းဦးက ပြောသည်။

တနိုင်တပိုင်လုပ်ကွက်များ ခွင့်ပြုပေးရန် တင်ပြလာသဖြင့် ဝန်ကြီးဌာနတွင် အစည်းအဝေးများပြုလုပ်ခဲ့ရပြီး လုပ်ကွက် နေရာသတ်မှတ်မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းစာရင်းကိုလည်း ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များသို့ ပေးပို့လိုက်ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ဆွေက ပြောသည်။

ဦးရဲမြင့်ဆွေက “သတ္တုကဏ္ဍနဲ့ ပတ်သက်လို့ အသေးစား လုပ်ကွက်တွေကို ကချင်ပြည်နယ် အစိုးရက ဆောင်ရွက်ပေးနိုင်တယ်။ သူတို့ဆီကို ပေးပို့ ထားတာတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိချင်ရင် ပြည်နယ်နဲ့ တိုင်းအစိုးရတွေကို မေးပါ”ဟုပြောသည်။

ယခုအခါ သတ္တုတွင်း နည်းဥပဒေများပြီးပြီဖြစ်၍ တနိုင်တပိုင် ရွှေလုပ်ကွက်များကို ချပေးနိုင်ပြီဖြစ်ကြောင်း၊ ပယင်းမှာမူ ကျောက်မျက်လုပ်ငန်းထဲတွင် ပါဝင်နေ၍ မရနိုင်သေးသော်လည်း မြေပြင်အနေအထား၊ ပြည်သူ၏ အနေအထား၊ တိုင်းပြည်၏ အနေအထားများအရ ယခုလိုတောင်းဆိုရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က ပြောသည်။

“တနိုင်တပိုင် လုပ်ကွက်တွေက ပြည်နယ် အစိုးရကို လုပ်ပိုင်ခွင့် ပေးထားတာ။ ကျနော်တို့ နယ်မြေက သာမန် အနေအထား မဟုတ်ဘူး။ သာမန်အနေအထား မဟုတ်တဲ့အတွက် သူတို့မှာလည်း အခက်အခဲတချို့ ရှိတယ်လို့ ပြောတယ်။ အခက်အခဲရှိနေတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေ ကူညီဆောင်ရွက်ပေးဖို့ သမ္မတကြီးကို စာရေးဖြစ်တဲ့အကြောင်းပေါ့လေ”ဟု ၎င်းက ရှင်းပြသည်။

ဖားကန်ဒေသ လုံးခင်းမှ ဦးလောခန်ကမူ တနိုင်တပိုင်တူးဖော်ခွင့်ကို လုံးခင်း၊ ဖားကန့် ဧရိယာထဲတွင် ရနိုင်မည်မဟုတ်ဘဲ လက်ရှိ လုပ်ကွက် ဧရိယာပြင်ပ ကန်စီးဒေသတွင် ချထားပေးမည်ဟု အကြမ်းဖျင်းသိထားကြောင်း၊ သို့သော် ယင်းနေရာများတွင် တူးစရာကျောက်ကောင်းကောင်းမရှိကြောင်း ပြောသည်။

“အခုချပေးမယ်ဆိုတဲ့ နေရာတွေက တူးစရာလည်း မရှိတော့ဘူး။ တူးလို့တောင် ကုန်နေပြီ။ အဆင်မပြေနိုင်ဘူး။ အရင်တုန်း ကတည်းက ပွလန်ကြဲ လုပ်ထားပြီးမှ တူးဆိုတာက ကျောက်ဆိုတာက မလွယ်ဘူး။ တပိုင်တနိုင်တူးဖို့ဆိုတာ မလွယ်ဘူး။ ကျောက်က ဝါး ၂ ပြန်၊ ၃ ပြန် တူးမှ ရတာ။ ကျနော်တို့ တူးဖို့ ဘယ်လွယ်မလဲ”ဟု ဦးလောခန်က ပြောဆိုသည်။

၎င်းကဆက်၍ “အခု တူးနေတယ်။ ရနေတယ်ဆိုတာ မြေပြိုပြီး သေနေကြတဲ့ ဘက်ဟိုးကြီးတွေနောက်က ဝင်ရှာလို့ ရတာ။ တူးပြီး သားကျောက်ကို ဖော်လို့ ရတာ။ မနေ့ကလည်း ၄ ယောက်သေတယ်လေ။ လုံးခင်းအပိုင် သာယာကုန်း အောက်ခြေနားမှာ။ သူတို့ သွားဖော်တဲ့အချိန် မိုးက ရွာတော့ ပြိုတာလေ”ဟုလည်း ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များကမူ ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ ဆောင်ရွက်နေမှုကို နောင်အခါမဖြစ်စေရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ပေးရန် အဆိုတခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လက ပြည်သူ့လွှတ်တော်တွင် တင်ပြရာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ထိုစဉ်က လွှတ်တော်သို့ လာရောက်ရှင်းလင်းသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကလည်း ယင်းဒေသများတွင် တရားမဝင် လုပ်ငန်းများ ထပ်မံမဖြစ်ပွားစေရန်မှာ ကျောက်မျက်ရတနာ၊ လက်လုပ်လက်စား တူးဖော်ခွင့်လုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်ခွင့်ပြုပေးရန်လိုကြောင်း လွှတ်တော်တွင် ပြန်လည်ဖြေကြားသွားသည်။

irrawaddy

Local News What's New Read 389 times