ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်(၂) ဘေးမှာရှိတဲ့ တောင်ဒဂုံ(၆၂)ရပ်ကွက် ကြက်ဆူပင် စိုက်ကွင်းနေရာမှာ နေထိုင်ကြတဲ့ ကျူးကျော်တဲတွေကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူ ၅၀၀ လောက်က ဝင်ရောက်ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
ကျူးကျော်နေထိုင်သူတွေကို မနက် ၅ နာရီလောက်က နေအိမ်ပစ္စည်းတွေ ရွှေ့ပြောင်းပေးဖို့ အချိန် ၁ နာရီလောက် ပေးပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။
လယ်ယာမြေပြန်လည်စိစစ်ရေးကော်မတီကနေ စစ်ဆေးနေချိန်မှာ တောင်ဒဂုံစက်မှုဇုံ (၂)က ကျူးကျော်နေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ မဖြစ်သင့်ဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
တောင်ဒဂုံမဲဆန္ဒနယ်မြေအမှတ်-၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “အဲဒီလို အဖယ်ရှားခံရတဲ့အထဲမှာ ကြက်ဆူပင်စိုက်ပျိုးသူ ၁၂ ဦးပိုင်တဲ့ စက်ရုံအလုပ်ရုံတွေလည်း ပါဝင်သလို ကျူးကျော်နေအိမ်ပေါင်း ၁၀၀ ကျော်လောက်လည်း ပါဝင်တယ်။ ကျူးကျော်နေအိမ် တွေကို အစိုးရကငွေ ကျပ်၅ သိန်းကနေ ၁၀ သိန်းအထိ အလျှော်ပေးပြီး တောင်ဒဂုံ ၆၁ ရပ်ကွက် ကျူးကျော်နေရာတွေမှာ ပြန်လည်နေရာချထားပေးတာလည်း ရှိပါတယ်။ အဲဒီမြေနေရာတွေကို လယ်ယာမြေပြန်လည်စိစစ်ရေး ကော်မတီကနေ စစ်ဆေးနေချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တွေကိုတောင် အသိမပေးဘဲ အင်အားသုံးဖယ်ရှားတာဟာ မဖြစ်သင့်ဘူး”လို့ ပြောပါတယ်။
သက်ဆိုင်ရာကတော့ သတိပေးစာ သုံးကြိမ်ပို့ထားပြီး အဲဒီနေရာကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာမှ စီမံကိန်းလုပ်နေသူတချို့လည်းရှိပြီး အလုပ်ရုံတွေပါ ဖြိုဖျက်ခံခဲ့ရတဲ့အထဲ ပါဝင်ပါဝယ်။
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “တောင်ဒဂုံ(၆၂)ရပ်ကွက် ကြက်ဆူပင် စိုက်ခင်းမှာရှိတဲ့နေအိမ်တွေကို လျှော်ကြေးငွေပေးပြီး စည်ပင်ပိုင်တဲ့နေရာ တခုမှာဘဲ ရွှေ့ပြောင်းခိုင်းတာဟာထပ်ပြီး ကျူးကျော်ခိုင်းသလိုဖြစ်နေတယ်”လို့ ပြောပါတယ်။
တောင်ဒဂုံစက်မှုဇုံ(၂)ဘေးက ကြက်ဆူစိုက်ခင်းနေရာတွေကို ဖယ်ရှားခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေနဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၀၀ ကျော် အဖယ်ရှားခံခဲ့ရပါတယ်။ ဖယ်ရှားပေးဖို့ ငွေကျပ် ၁၀ သိန်းနဲ့ လာရောက်ညှိနှိုင်းခဲ့ပေမယ့် လက်ခံခြင်းမရှိတာကြောင့် သတိပေးပြီး အင်အားသုံးဖယ်ရှားခဲ့တာပါ။