နှမ်းဈေးတက်သော်လည်း အရှုံးနှင့်သာ ရင်ဆိုင်နေရသော တောင်သူတွေ


12 July, 2018

နှမ်းနက်ဈေး မြင့်တက်သော်လည်း နှမ်းစိုက်တောင်သူများ အရှုံးနှင့်သာရင်ဆိုင်ရမည် ဖြစ်ကြောင်း မကွေးမြို့နယ်ရှိ တောင်သူများကပြောသည်။

လေးဆယ့်ငါးပိဿာဝင် နှမ်းနက်တစ်အိတ်လျှင် ယခင်က ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိရာမှ ယခုကျပ်တစ်သိန်းငါး သောင်းအထိ မြင့်တက်နေကြောင်း မကွေးကုန်သည်ကြီးများ အသင်းတွဲဖက်အတွင်းရေးမှူး ဦးမင်းမင်းအောင်က ပြောသည်။

သို့သော် တောင်သူများ လက်ဝယ်၌ နှမ်းမရှိဘဲကုန်သည်၊ ပွဲစားများထံရောင်းချပြီးဖြစ်၍ နှမ်းဈေးတက်သော်လည်းတောင် သူများ အကျိုးအမြတ်ရမည် မဟုတ်ကြောင်း မကွေးမြို့နယ် မကြီးကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

‘‘မိုးကြီးပြီး နှမ်းပင်တွေ ပျက် စီးခဲ့ရလို့ နှမ်းဈေးတွေတက်တယ် လို့ ပြောလို့ရပေမယ့် အဓိကက တော့ ဂျပန်ဝယ်လက်ရှိလု့ိ တက် တာလည်းပါတယ်။ ခန့်မှန်းရသ လောက်ကတော့ ဂျပန်ဝယ်လက် လိုက်နေတော့ ခုရာသီနှမ်းပေါ် ချိန်အထိ ဈေးကောင်းနေဦးမယ် လို့ ခန့်မှန်းပါတယ်။ ကျရင်လည်း နည်းနည်းပေါ့’’ဟု ၎င်းက ပြောခဲ့ပါသည်။

သို့ရာတွင် ဇွန်လဒုတိယပတ်က မိုးသည်းထန်စွာရွာသွန်း၍ နှမ်းပင်များ ပျက်စီးဆုံးရှုံးသဖြင့် နှမ်းအထွက်နှုန်းသည် ထက်ဝက် အောက်လျော့ကျခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကန်ပြားကျေးရွာမှ တောင်သူတစ်ဦးက ခန့်မှန်းပြောဆိုခဲ့သည်။

‘‘နှမ်းပေါ်ချိန်အထိ ဈေးကောင်းနေရင်လည်း တောင်သူတွေကတော့ ဒီနှစ်ရှုံးမှာအသေအချာပဲ။ ဘာလို့လဲဆိုတော့ နှမ်းထွက်ဖို့က မလွယ်တော့ဘူး။ မိုး တအားများသွားတော့ နှမ်းပင် ငယ်တွေက မခံနိုင်ဘူး။ ပျက်စီးကုန်တယ်။ အရင်းအနှီးထပ် မလိုက်နိုင်တော့ နှမ်းခင်းတွေ ပစ်ထားလိုက်တာ ပေါင်းတောကြီး ဖြစ်နေပြီ’’ ဟု သပြေစမ်းကျေးရွာ မှ တောင်သူတစ်ဦးက ပြောသည်။

ဇွန်လဒုတိယပတ်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မကွေးတိုင်းတွင် နှမ်းအဓိကစိုက်ပျိုးသည့် မကွေး၊ မင်းဘူး၊မင်းလှ၊ ပွင့်ဖြူ၊ စလင်း၊ တောင်တွင်း၊ မြို့သစ်နှင့် နတ်မောက်မြို့နယ်တို့၌ နှမ်းပင်များ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့မိုးရွာရေကြီးခဲ့သောကြောင့် မကွေးတိုင်းတွင် နွေနှမ်း ဧကသုံးသောင်းနှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးပြီး မိုးနှမ်းဧကနှစ်သောင်းခြောက်ထောင်ကျော် ပျက်စီးခဲ့ကြောင်း တိုင်းလယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများ၌ဖော်ပြထားသည်။

7 Day Daily

Agriculture & Livestock Local News Read 556 times