မြန်မာ့စီးပွားရေး နှေးကွေးနေပြီး စီပွားရေးအသိုင်းအဝန်း၏ စောဒကတက်မှုများ ကြုံတွေ့နေရသော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကို လွှတ်တော်က အတည်ပြုလိုက်ပြီး ဆက်သွယ်ရေး၊ စက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် အမြင့်မားဆုံး တိုးတက်မှုများရရှိရန် မျှော်မှန်းနေသည်။
လက်မှတ်ရေးထိုး
**********
ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်ရောက်မှုရှိမည့် အထက်ပါဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးနောက် သမ္မတဦးဝင်းမြင့်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်သည်။
ခန့်မှန်း
****
အမျိုးသားစီမံကိန်းဥပဒေအရ လာမည့်ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် ၆.၈ ရာခိုင်နှုန်းမှ ၇.၆ ရာခိုင်နှုန်းသို့ တိုးတက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍသည် ၁၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍက ၁၁.၂ ရာခိုင်နှုန်းနှင့် ဘဏ္ဍာရေး ကဏ္ဍက ၉ ရာခိုင်နှုန်း တိုးတက်မည်ဟု အစိုးရက ခန့်မှန်းသည်။
အစိုးရသည် ကုန်သွယ်မှုကဏ္ဍကို ၇.၇ ရာခိုင်နှုန်း၊ သတ္တုတူးဖေါ်ရေးကဏ္ဍကို ၇.၅ ရာခိုင်နှုန်းနှင့် လူမှုစီမံခန့်ခွဲမှုကဏ္ဍကို ၇.၃ ရာခိုင်နှုန်းတိုးတက်အောင်လုပ်ဆောင်သွားမည်ဟု ထိုဥပဒေတွင် ဖေါ်ပြထားသည်။
တချိန်တည်းတွင် ငါးလုပ်ငန်းကဏ္ဍတွင် ၄ ရာခိုင်နှုန်း၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၂.၄ ရာခိုင်နှုန်းနှင့် သစ်တော ကဏ္ဍတွင် ၁.၁ ရာခိုင်နှုန်း တိုးတက်မည်ဟုလည်း မျှော်မှန်းသည်။
တိုးတက်မှုနှုန်း အမြင့်မားဆုံးအဖြစ် ရန်ကုန်တိုင်း၊ နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ကချင်ပြည်နယ်တို့တွင် ၉.၈ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်း၊ ၉.၃ ရာခိုင်နှုန်း အသီးသီး တိုးတက်မည်ဟု အစိုးရက ခန့်မှန်းသည်။
ဖော်ပြထား
*******
ကဏ္ဍများအားလုံးတွင် တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များက အကောင်အထည် ဖော်ရေး စီမံချက်များ ရေးဆွဲကြမည် ဖြစ်သည်။ အစိုးရဌာနများအနေဖြင့် အမျိုးသားစီမံကိန်းများ အားလုံးကို ပြန်လည် သုံးသပ်ပြီး ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိ မရှိ ပြန်လည်အကဲဖြတ်ရန်လည်း ထိုဥပဒေက ညွှန်ကြားထားသည်။ ပြည်သူလူထုအတွက် အကျိုးမရှိသော စီမံကိန်းအားလုံးကို ဆိုင်းငံ့ သို့မဟုတ် ဖျက်သိမ်း ရမည်ဟုလည်း ဖော်ပြထားသည်။
အစိုးရဌာနများသည် နှစ်စဉ်အရှုံးပေါ်နေသော အစိုးရပိုင် လုပ်ငန်းများကို စာရင်းပြုစုပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန်လည်း ထိုဥပဒေက အကြံပြုသည်။ နိုင်ငံပိုင်လုပ်ငန်း ၃၂ ခုအနက် ၁၀ ခုသည် နှစ်စဉ် အရှုံးပေါ်နေပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွက်ဆုံးရှုံးမှုမှာ ကျပ်ငွေ ၁ ဘီလျံရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။
မကြာသေးမီနှစ်များအတွင်း အလျှင်မြန်ဆုံး ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့် မတည်ငြိမ်သော နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းများသည် ကာလရှည်ကြာသည့် အရှုံးနှင့် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် သွင်းကုန်ကို ထိခိုက်စေပြီး လောင်စာနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ၊ စားသုံးသူ ကုန်ကျစရိတ် များကို မြင့်တက်စေခဲ့သည်။
မေလမှ ဇူလိုင်လအထိ သုံးလတာ ကာလအတွင်း ငွေကြေးဖောင်းပွမှုသည် ယခင်နှစ်က ၅.၉၀ ရာခိုင်နှုန်း ရှိရာမှ ၇.၅၆ ရာခိုင်နှုန်းသို့ တက်သွားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ စာရင်းအင်း သတင်းအချက်အလက် ဝန်ဆောင်မှုဌာန MSIS က ဇူလိုင်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျဆင်း
*****
မြန်မာ့စီးပွားရေးသည် ၂၀၁၆ ခုနှစ်မှ စတင်နှေးကွေးနေပြီး ကဏ္ဍပေါင်းစုံမှ စီးပွားရေးလုပ်ငန်းများသည် ယခုနှစ်အတွင်း သိသိသာသာ ကျဆင်းသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) ၏ မကြာသေးမီက စစ်တမ်းက ဖော်ပြသည်။ ယခုနှစ်အတွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးကဏ္ဍသည် သိသိသာသာ ကျဆင်းနေပြီး စီးပွားရေး လုပ်ငန်းအပေါ် အယုံအကြည်ရှိမှုမှာ လွန်ခဲ့သောနှစ်ကထက် ၂၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။
irrawaddy