စီးပွားရေးကဏ္ဍများ အခြေအနေ အရပ်ရပ် သုံးသပ် ခန့်မှန်းချက်များ (1)


22 September, 2018

စီးပွားရေး ဦးမော့လာခဲ့သည်။ စတင်ပျံသန်းနိုင်တော့မည်ဟု ဆိုသူတို့က ဆိုခဲ့ကြသည်။စက်မှုဇုန်များတွင် လုပ်ငန်းအချို့ ရပ်ဆိုင်းသွားသည်။ လေကြောင်းလိုင်း လေးခု ယာယီရပ်နားထားသည်။

ရခိုင်အရေး အထင်လွဲမှားမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

 ဒေါ်လာဈေးက စံချိန်တင် တက်သည်။ 2K (2000) ဖြစ်မည့်ကျပ်ဟု နိမိတ်ဖတ်နေကြသည်။

ဘဏ္ဍာရေးနှစ် သတ်မှတ်ချက် အပြောင်းအလဲ

*****

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်သည် ၂၀၁၈ နှစ်မှစတင်၍ ဧပြီ-မတ်လမှ အောက်တိုဘာ-စက်တင်ဘာအထိ ပြောင်းလဲသည်။

၂၀၁၈ နှစ်ဝက် ကြားဖြတ်ဘဏ္ဍာရေးနှစ်သည် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် နှစ်သစ်၏ သတ်မှတ်ချက် ကူးပြောင်းရေးကာလဖြစ်သည်။

ဦးမော့လာမည်

*****

စီးပွားရေးသည် တည်တံ့ခိုင်မာသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုများ၊ တိုးတက်သော ရင်းနှီးမြှုပ်နှံမှုသဘောထား၊ ဆက်လက်ခိုင်မာလျက်ရှိသော အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ အဝတ်အထည်ပို့ကုန်များနှင့် ပြည်တွင်းဝယ်ယူသုံးစွဲမှုများ အားကောင်းလာခြင်းတို့၏ အထောက်အကူပြုမှုဖြင့် ၂၀၁၈ နှစ်ဝက် ကြားဖြတ် ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တို့တွင် ၇.၁% နှင့် ၇.၄% အသီးသီး ဦးမော့လာမည်ဟု ခန့်မှန်းသည်။

အထည်ချုပ်လုပ်ငန်းအတွက် အလားအလာသည် ကမ္ဘာ့ဈေးကွက်၏ အရွယ်အစားကြောင့် ခိုင်မာပုံရသည်။ ဦးစားပေးကုန်သွယ်မှု သဘောတူစာချုပ်များနှင့် လုပ်အားခသက်သာမှုတို့မှ အားသာချက်များနှင့်အတူ မြန်မာနိုင်ငံသည် ပြည်တွင်းကုန်ထုတ်လုပ်မှုဝန်းကျင်နှင့် ကုန်သွယ်မှုထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည် နှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲများကို ဖြေရှင်းရန် အချိန်အခါသင့်အခွင့်အလမ်းကို အသုံးချနိုင်ပေသည်။

ရခိုင်ပြည်နယ် အရေးကိစ္စ၊ ကုန်သွယ်မှုနှင့် စွမ်းအင်ဈေးနှုန်းများနှင့် ဆက်စပ်သော ကမ္ဘာ့ပတ်ဝန်းကျင်ရှိ မသေချာမရေရာမှုများကြောင့် ဖွံ့ဖြိုးမှုအတွက် စွန့်စားရမှုများပေါ်ပေါက်လာပြီး ရင်းနှီးမြှုပ်နှံသူ သဘောထားဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။

ပြည်ပကုန်ကြမ်း တင်သွင်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုလမ်းကြောင်းကို ဦးတည်သော အဟန့်အတားများဖြစ်ကြသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း ဖိအားနှင့် ငွေကြေးဖောင်းပွမှု မသေချာခြင်းတို့သည် အဓိကရင်းမြစ်များအဖြစ် ဆက်လက်တည်ရှိမည်။

ဘဏ်လုပ်ငန်းကဏ္ဍ

*****

ဘဏ်လုပ်ငန်း စည်းမျဉ်းစံနှုန်းများမြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများအကြားတွင် သွက်လက်၍ စွန့်စားမှုစီမံခန့်ခွဲရန် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာကဏ္ဍတွင် အားနည်းချက်များ မြင့်မားလျက်ရှိနေမည်။

ဘဏ်လုပ်ငန်းစည်းမျဉ်းသစ်များကို အကောင်အထည်ဖော်ခြင်းသည် ငွေကြေးစနစ်၏ ခိုင်မာမှုနှင့် ခံနိုင်ရည်ရှိမှုကို တိုးတက်စေမည့်အပြင် ကာလလတ်တွင် ပိုမိုတောင့်တင်းသော ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးစေရန် အထောက်အကူပြုနိုင်ပါသည်။

ကာလတိုတွင် ဘဏ်လုပ်ငန်းစည်းမျဉ်းသစ်များအား လိုက်နာရေးလုပ်ငန်းစဉ်သည် ဘဏ်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပြီး စီးပွားရေးကို ထိုင်းမှိုင်းစေသောကြောင့် နှိုင်းနှိုင်းချိန်ချိန် စီမံခန့်ခွဲသင့်သည်။

ဈေးကွက်အခြေအနေများနှင့် တစ်ပြေးညီဖြစ်စေရန် ငွေကြေးလဲလှယ်နှုန်းကို မလျော့မတင်းစီမံခန့်ခွဲခြင်းသည် လက်ခံဖွယ်လှုပ်ရှားမှုဖြစ်သည့်တိုင် ပြင်ပလှုပ်ခတ်မှုများအားဆန့်ကျင်သည့် ဒဏ်ခံလွှာ ခိုင်မာတောင့်တင်းရေးအတွက် နိုင်ငံတကာ အရန်ငွေကြေးမြင့်တက်အောင် ဆောင်ရွက်သင့်သည်။

နိုင်ငံပိုင် စီးပွားရေး

*****

စွမ်းအင်ကဏ္ဍရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ (SEEs) မှ ထိန်းချုပ်ထားသောရငွေနှင့် အရှုံးပေါ်နေသော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသို့ ဘဏ္ဍာငွေထောက်ပံ့မှုများသည် တိုင်းပြည်ဘဏ္ဍာရေး အခြေအနေအပေါ် ဆက်လက်၍ ဝန်ထုပ်ဝန်ပိုးဖြစ်နေဦးမည်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းမှ ရငွေများပုံမှန်ကျဆင်းနေချိန်တွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ အသုံးစရိတ်များ မြင့်တက်လာမှုနှင့် ဆက်နွယ်သော ဘဏ္ဍာရေးအရင်းအမြစ်များ ထပ်မံလျော့နည်း ကုန်ခန်းမှုကို ကြိုတင်ကာကွယ်ရန် ပြုပြင်ပြောင်းလဲမှုများအား အရှိန်မြှင့်ဆောင်ရွက်သင့်သည်။

ဘတ်ဂျက်လိုငွေပြခြင်း

*****

ငွေရေးကြေးရေးဆိုင်ရာ မူဘောင်အကောင်အထည်ဖော်မှု တိုးတက်မှုသည် လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဘဏ္ဍာရေးလိုငွေပြမှုအပေါ် ဗဟိုဘဏ်က ဘဏ္ဍာငွေ တိုက်ရိုက်ထောက်ပံ့မှုကို အဆင့်လိုက်ပယ်ဖျက်မှုနှင့်အတူ ဆက်လက်အကောင်အထည်ဖော်သင့်သည်။

အခြေခံအဆောက်အအုံ

*****

အခြေခံအဆောက်အအုံနှင့် သိုလှောင်ပို့ဆောင်ရေးတို့တွင် ကောင်းမွန်မှု မရှိခြင်းကြောင့် ကုန်ထုတ်လုပ်ပြီး ပြည်ပတင်ပို့မှုတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ယုတ်လျော့လျက် ရှိသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်း၊ မီးပြတ်သည်မှာ ဖြစ်နေကျဖြစ်ခြင်းတို့သည် စီးပွားရေးတစ်ရပ်လုံးအတွင်းရှိ ကဏ္ဍတိုင်းကို ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးအောင် နောက်ပြန်ဆွဲထားသည်။

လျှပ်စစ်ဓာတ်အား စိတ်ချလက်ချဖြင့် သုံးစွဲခွင့် ရရှိမှု အဆင့်အတန်းတွင် စင်ကာပူသည် အကောင်းဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သည် အညံ့ဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် ဒုတိယ အညံ့စား ဖြစ်နေသည်။

အစိုးရမှ ထောက်ပံ့ထည့်ဝင်ပေးနေခြင်းကို လျှော့ချသင့်ပြီး အခြားတစ်ဘက်၌ ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းတွင် ကုန်ကျစရိတ်များကို စိစစ်ပြီး သက်သာမှုရအောင် လုပ်သင့်သည်။ တကယ့်အမှန်တန်ဖိုးဖြင့် ဖြန့်ဖြူးရောင်းချသည့်ဆီသို့ တဖြည်းဖြည်းချင်း ရွှေ့ပြောင်းသင့်သည်။ မည်သည့်နှစ် မည်သည့်လမှစ၍ မည်မျှတိုးမည်။ ပြီးလျှင် မည့်သည့်နှစ် မည်သည့်လတွင် မည်မျှ ထပ်တိုးမည် စသဖြင့် အဆင့်ဆင့် တိုးသွားမည့် အစီအစဉ် အချိန်ဇယားကို ရေးဆွဲပြီး အကောင်အထည်ဖော်သင့်သည်။ လျှပ်စစ်ခွန်(မီတာခ) တိုးတောင်းမည်ဟု သတင်းထွက်ပေါ်တိုင်း ကုန်ဈေးနှုန်းတက်နေခြင်းများ အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း တိုးတောင်းမည့် အစီအစဉ် အချိန်ဇယားကို အတိအကျ ပြဋ္ဌာန်းလုပ်ဆောင်ခြင်း မရှိချေ။

အကျိုးရှိစွာသုံးစွဲမှုတွင် ဆက်လက်တိုးတက်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော ဦးစားပေးကဏ္ဍများဆီသို့ အရင်းအမြစ်များကို ပိုမိုဦးတည်ချမှတ်ပေးခြင်းဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များကို အမြင့်မားဆုံး အသုံးချသင့်ပါသည်။ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အရင်းအမြစ် ရန်ပုံငွေချမှတ်မှုက အထောက်အကူပြုသော ကာလလတ်ဘဏ္ဍာရေးစည်းကမ်းများကို လိုက်နာကျင့်သုံးခြင်းသည် ဘဏ္ဍာရေး ရေရှည်တည်တံ့မှုသေချာရေးကို ပံ့ပိုးပေးနိုင်ပါသည်။

လယ်ယာကဏ္ဍ

*****

ဆန်တင်ပို့ရောင်းချခြင်းသည် ပမာဏအရ စံချိန်သစ် တင်နိုင်ခဲ့သော်လည်း လယ်ယာစိုက်ပျိုးရေးတွင် ကုန်ထုတ်လုပ်နိုင်စွမ်းသည် အနိမ့်ကျဆုံး ဆက်ဖြစ်နေဆဲဖြစ်သည်။

Local News Investment/Divestment Read 7642 times