ရန်ကုန်မြို့အတွက် ရွေးချယ်ရန်လမ်းများ


05 February, 2021

မိမိတို့ တိုင်းပြည်တွင် အစိုးရ အပြောင်းအလဲ၊ အစိုးရသစ်တက်လာသည့်အခါတိုင်းတွင် ရန်ကုန်မြို့ကို တိုးချဲ့လေ့ရှိကြသည်ကို သတိပြုမိပါသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစအချိန်တွင် ပြည်တွင်းစစ်သည် ရန်ကုန်မြို့အနီး အင်းစိန်တွင်ပင် တိုက်ပွဲများဖြစ်ခဲ့သောကြောင့် ထိုခေတ်အစိုးရသည် မြို့တိုးချဲ့ရန်မစဉ်းစားနိုင်ခဲ့သော်လည်း ပြည်တွင်းစစ်အထိုက်အလျောက် လျော့နည်းသွားသည့် ၁၉၅၂ ခုနှစ်ခန့်တွင် ‘ရန်ကင်းမြို့’၊ ‘အောင်ဆန်းမြို့’ အစရှိသည်တို့ကို တည်ဆောက်ခဲ့ကြသည်။

ထိုနောက်ပိုင်း ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရအမည်နှင့် အစိုးရလက်ထက်တွင် ‘သာကေတမြို့’၊ ‘တောင်ဥက္ကလာပမြို့’၊ ‘မြောက်ဥက္ကလာပမြို့’ စသည်တို့ကို အချိန်တိုအတွင်း တည်ဆောက်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပြီး ၁၉၆၈ ခုနှစ်ခန့်တွင် သုဝဏ္ဏမြို့၊ မြင်သာမြို့ အစရှိသည့် မြို့တိုးချဲ့ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ခဲ့သည်။ အခြားတစ်ချက် သတိမူမိသည်မှာ အစိုးရအသစ် တက်ပြီးစအချိန်တွင် ထိုမြို့တိုးချဲ့ သော လုပ်ငန်းများကို လုပ်ကြကိုင်ကြပြီး အချိန်အတော်ကြာမြင့်လာသည့်အခါ ထိုတည်ဆောက်ခဲ့သော မြို့များနှင့် အိမ်ရာစခန်းများကို ဆက်မလုပ်ကြတော့သည့်အပြင် ထိုလုပ်ငန်းများကို ပြုပြင်မွမ်းမံခြင်း၊ ကောင်းမွန်စွာ ထိန်းသိမ်း ခြင်းတို့ပင် မပြုလုပ်တော့ပေ။ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အစိုးရတို့ ၁၉၆၈ ခုနှစ်ခန့်မှစခဲ့သော အိမ်ရာ နှင့် မြို့သစ်တည်ဆောက်ရေးလုပ်ငန်းများသည် ၁၉၇၄ ခုနှစ်ခန့်တွင် အရှိန်အဟုန်လျော့နည်းသွားပြီး တည်ဆောက်ခဲ့သော လုပ်ငန်းများကိုပင် ထိန်းသိမ်းသည့် လုပ်ငန်းများ လျော့နည်းသွားတော့သည်။

၁၉၈၈ ခုနှစ် အစိုးရအပြောင်းအလဲအချိန်နောက် ရန်ကုန်မြို့အပြင် အခြားများစွာသော မြို့များကို တိုးချဲ့ခဲ့ကြပြန်သည်။ ရန်ကုန်မြို့သည် ၁၉၈၈ ခုနှစ်တွင် စတုရန်းမိုင် ၈၀ ခန့် ရှိခဲ့ရာ ယခု စတုရန်းမိုင် ၃၁၆ မိုင်ရှိပါသည်။ နှစ်ပေါင်း ၂၅ နှစ်ခန့်အတွင်း လေးဆခန့် တိုးချဲ့ခဲ့သော်လည်း ယခုတစ်ဖန်တိုးချဲ့ကြရန် လုပ်ဆောင်လျက်ရှိကြပြန်သည်။ စဉ်းစားကြရန်မှာ မိမိတို့ရန်ကုန်မြို့တွင် အစစအရာရာ အဆင်ပြေကြပါသလား၊ လွန်ခဲ့သော နှစ်များအတွင်း တိုးချဲ့ခဲ့သောနေရာများတွင် ပြည်သူလူထု အခြေခံလိုအပ်ချက်များ ကို ဆောင်ရွက်ပြီးကြပါပြီလား၊ လွန်ခဲ့သော နှစ်များအတွင်း တိုးပွားလာသော လုပ်ငန်းရပ်များအတွက် မြေလွတ်များမရှိတော့၍ တိုးချဲ့ရန် စဉ်းစားကြသည်လား စသောမေးခွန်းများပေါ်ပေါက် လာပေသည်။

ရန်ကုန်မြို့နှင့် ပတ်သက်၍ အောက်ပါတို့မှာ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများဖြစ်သည်ဆိုလျှင် သဘောတူကြမည်ဟု ယူဆပါသည်။

(၁) ရန်ကုန်မြို့တွင် မြို့တော်စည်ပင်မှ နေ့စဉ် ရေဂါလန် သန်း ၂၀၀ ကျော် ပေးဝေလျက်ရှိသည်။ ထိုပမာဏမှာ ပုံမှန်စံနှုန်းအတိုင်း လူတစ်ဦး နေ့စဉ် ဂါလန် ၃၀ နှင့် တွက်လျှင် လုံလောက်ပါသည်။ သို့သော် ရန်ကုန်မြို့၏မိသားစု ၁ ဒသမ ၁ သန်းခန့်တွင် မိသားစုသုံး သိန်းကျော် (၃ ဒသမ ၃ သိန်း)ခန့်၊ ရာခိုင်နှုန်းနှင့်ဆိုသော် ၂၈ ရာခိုင်နှုန်းခန့်သာလျှင် Connections ခေါ် အိမ်အထိ ရေဆက်သွယ်မှု ရရှိကြသည်။ အခြားသော ၇၀ ရာခိုင်နှုန်းတို့မှ အများစုမှာ မြေအောက်ရေ အစရှိသည်တို့ကို အသုံးပြုကြရသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဖြစ်ပါသည်။

(၂) မြေအောက်ရေကိုများစွာ အသုံးချခြင်းသည် များစွာသော ဆိုးကျိုးများရှိပါသည်။ ထိုလုပ်ရပ်မှာ ကမ္ဘာတစ်ဝန်းသိရှိပြီး၊ သက်သေထူပြီးသောကိစ္စဖြစ်ပါသည်။

(၃) လျှပ်စစ်ဖြန့်ဖြူးရေးတွင်လည်း ရန်ကုန်မြို့တွင် မိသားစု ၁ ဒသမ ၁ သန်းခန့်မှ မိသားစုခြောက်သိန်းကျော် (၆ ဒသမ ၆ သိန်း)ခန့် သော အိမ်ထောင်စု၊ ရာခိုင်နှုန်း အားဖြင့် ၆၁ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီတာများနှင့်တိုက်ရိုက် ရရှိကြသည်။ ၂၀၁၄ ခုနှစ်စာရင်း ဖြစ်ပါသည်။

(၄) ရန်ကုန်မြို့၏ ၅၀ ရာခိုင်နှုန်းခန့်သော နေရာများတွင် မိုးတွင်းချိန်ခါရေကြီးသဖြင့် လူများ နေထိုင်သွားလာရေးတွင် အခက်အခဲများနှင့် ကြုံနေကြရပါသည်။ ကျန်းမာရေးတွင်လည်း ထိခိုက်ကြပါသည်။

(၅) ရန်ကုန်မြို့တွင် အလုပ်လုပ်သောနေ့ရက်များတွင် ယာဉ် ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီး ဆင်းမှုနှေးကွေးခြင်း စသည်တို့ ကြောင့် နေ့စဉ်သွားလာရသူများမှ အထူးသဖြင့် ၈၄ ရာခိုင်နှုန်းခန့် သော ဘတ်စ်ကားဖြင့် သွားလာ ကြရသော လူထုတို့သည် နေ့စဉ် ခရီးသွားချိန် အသွားအပြန် ၂ နာရီမှ ၄ နာရီခန့်အထိ အချိန်ယူ ခရီးသွားလာကြရပါသည်။ အလုပ်လုပ်ချိန် ၈ နာရီနှင့်ပေါင်းစပ်လျှင် နေ့စဉ် ၁၂ နာရီခန့် မိသားစု နှင့် ခွဲခွာနေကြရသည်။ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီး ဆင်းမှုနှေးကွေးခြင်း စသည်တို့ ကြောင့် စွမ်းအင်ပိုကုန်ခြင်း၊ လေထုညစ်ညမ်းမှုတိုးပွားခြင်းတို့သည်လည်း တွဲဖက်ပါဝင်လာတော့သည်။

(၆) မိမိတို့တွင် မြို့ပတ်ရထားရှိသော်လည်း သယ်ယူပို့ဆောင်မှုစွမ်းအားမှာ နေ့စဉ်ခရီးသည်များ၏ ၅ ရာခိုင်နှုန်းသာရှိပါသည်။ ဤအချက်သည်လည်း ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှုနှေးကွေးခြင်းတို့ကို ထပ်ဆင့်ပံ့ပိုးလျက်ရှိသည်။ ဤသည်မှာ ၂၀၁၄ ခုနှစ်စာရင်း ဖြစ်ပါသည်။

(၇) ရန်ကုန်မြို့၏ဈေးများ၊ ဆိုင်များ စသော စီးပွားရေးအဆောက်အအုံများမှ ၄၆ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသော ဆူးလေ ဘုရားပတ်ဝန်းကျင်ရှိ မြို့ထဲပိုင်း နှင့် စမ်းချောင်း၊ ဗဟန်း၊ ကြည့် မြင်တိုင် စသော မြို့အတွင်းပိုင်း ဇုန်များတွင် စုပြုံနေရာယူထားကြ သည်။ ထိုသည်ကို အခြေခံ၍ ၄၃ ရာခိုင်နှုန်းသော အလုပ်လုပ်ကိုင်သူတို့သည် ထိုမြို့ထဲပိုင်းနှင့် မြို့အတွင်းပိုင်းသို့ နေ့စဉ်သွားလာကြသဖြင့် ထိုနေရာများသို့ ဦးတည်သောလမ်းများနှင့် ထိုလမ်း ကြောသွား ဘတ်စ်ကားလိုင်းများသည် နေ့စဉ်အလုပ်သွား၊ အလုပ်ဆင်းချိန်များတွင် အထူးပိုမိုကျပ် တည်းကြသည်။

(၈) ထိုသည်၏အဓိကအကြောင်းတစ်ရပ်မှာ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်သော လူဦးရေမှ ၉ ရာခိုင်နှုန်းသည်သာ ထုတ်လုပ်မှုကဏ္ဍ၊ စက်ရုံ၊ အလုပ်ရုံ ကြီးများတွင် လုပ်ကိုင်ကြ၍ ၁၁ ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများ ဖြစ်သည်။ အခြား ၈၀ ရာခိုင်နှုန်း မှာ အရောင်းအဝယ်နှင့် ပံ့ပိုးမှုကဏ္ဍတွင် လုပ်ကိုင်ကြရသည်။ ထိုအချက်မှာ လမ်းဘေးဈေးသည် များပေါများခြင်းကိုလည်း အထောက်အကူပြုလျက်ရှိသည်။

(၉) စက်မှုကဏ္ဍဖွံ့ဖြိုးရန်မှာ စက်မှုမြေကွက်ဈေးများကြီးခြင်း၊ စွမ်းအင်ရရှိရန် ခက်ခဲခြင်း စသော ပြဿနာများနှင့် ရင်ဆိုင်နေရ သည်။ စက်မှုမြေကွက်ဈေးမှာ ၂၀၁၄ ခုနှစ်တွင် တစ်ဧကခန့်ရှိ မြေတစ်ကွက်လျှင် သိန်း ၅,၀၀၀ အထက်ခန့်ရှိသည်။ စက်မှုမြေကွက်များ ဈေးကြီးသော်လည်း ရန်ကုန်မြို့တွင် စက်ရုံ၊ အလုပ်ရုံ များအတွက် သတ်မှတ်ထားသော မြေကွက်ပေါင်း တစ်သောင်း ကျော်ရှိပြီး ထိုမှ ၄၀ ရာခိုင်နှုန်းခန့်သည် အသုံးမပြု၊ လစ်လပ်လျက်ရှိသည်။ တစ်နည်းအားဖြင့် မြေဝယ်လှောင်ထားသူများ၏ လက်တွင် ရှိနေသည်။ စက်မှု ကဏ္ဍတွင် လုပ်သားအင်အားတိုး ပွားရန် လစ်လပ်လျက်ရှိသော စက်မှုမြေကွက်များကို ထိရောက်စွာ အသုံးချခြင်း၊ စက်မှုမြေကွက် သစ်များဖော်ထုတ်ခြင်း၊ စွမ်းအင် တပ်ဆင်ပြီး စက်မှုမြေကွက်များကို အမှန်တကယ်အသုံးချမည့်သူများကို စာချုပ်ဖြင့် သက်သာသော ဈေးဖြင့်ငှားရမ်းခြင်း၊ ရောင်းချ ခြင်း စသည်တို့ကို ဆောင်ရွက်သင့်သည်။

(၁၀) အမှိုက်စွန့်ပစ်ရေး (Solid Waste Disposal) တွင်လည်း အမှိုက်မှ လျှပ်စစ်ထုတ် လုပ်ရေး၊ အမှိုက်မှ မြေသြဇာ ထုတ်လုပ်ရေးစသော ခေတ်မီ အကျိုးရှိနည်းစနစ်များကို အသုံးချနိုင်ခြင်းမရှိသေးဘဲ ရှေးနည်းဖြစ်သော စုပုံစွန့်ပစ်စနစ်ကိုသာ အသုံးချနေကြဆဲဖြစ်သည်။ စုပုံစွန့်ပစ် နေရာအခက်အခဲနှင့် ပတ်ဝန်း ကျင်ညစ်ညမ်းမှု ပြဿနာများလည်း ပေါ်ပေါက်လျက်ရှိသည်။

(၁၁) အမှိုက်စွန့်ပစ်ရေးတွင်ပင် အချို့သောသူတို့သည် ပလတ်စတစ်ရေပုလင်းများကို စည်းကမ်းမရှိ စွန့်ပစ်ကြ၍ ရေ မြောင်းများပိတ်ဆို့လေ့ရှိပြီး မြို့ တွင်းရေကြီးရေလျှံခြင်းကိုလည်း အထောက်အကူပြုလျက်ရှိသည်။

(၁၂) အိမ်ရာကဏ္ဍတွင် မြေ ဈေးသည် ပုံမှန်မရှိပါဘဲ အတက်၊ အကျများသည်။ ဆောက်လုပ် ရေးစရိတ်များနှင့် ပတ်သက်၍ တန်ဖိုးကြီး ဆောက်လုပ်ရေး ပစ္စည်းတို့ နိုင်ငံခြားမှ တင်သွင်းကြ ရ၍ နိုင်ငံခြားငွေအတက်အကျ ပေါ်တွင် မူတည်၍ ပုံမှန်တက် လျက်ရှိသည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ မြေဈေးများကျဆင်းပြီး တိုက်ခန်းများလည်း အရောင်း ခက်လျက်ရှိသည်။ ထိုသည်နှင့်တွဲ ဖက်၍ ဆောက်လုပ်ရေးကဏ္ဍမှ လုပ်သားများ အလုပ်အကိုင်အ ခက်အခဲများပေါ်ပေါက်လျက်ရှိ သည်။

(၁၃) ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် အ သက်(၅)နှစ်မှ (၉)နှစ်ရှိသော ကလေးများ ၃ ဒသမ ၅၄၂ သိန်း ရှိပြီး ထိုမှ ၉၅ ရာခိုင်နှုန်း (သို့မ ဟုတ်) ၃ ဒသမ ၃၆၇ သိန်းသည် ကျောင်းတက်ကြသည်။ အသက် (၁၀ မှ ၁၃)နှစ်ရှိသော အလယ် တန်းအဆင့် တက်သင့်သော ကလေး ၃ ဒသမ ၂၈၂ သိန်းရှိပြီး ထိုမှ ၇၁ ရာခိုင်နှုန်း (သို့မဟုတ်) ၂ ဒသမ ၃၂၆ သိန်းသည် ကျောင်း တက်ကြသည်။ အသက်(၁၄ မှ ၁၅)နှစ်ရှိသော အထက်တန်းအ ဆင့်တက်သင့်သော ကလေး ၁ ဒသမ ၈၇၅ သိန်းရှိပြီး ထိုမှ ၅၁ ရာခိုင်နှုန်း (သို့မဟုတ်) ၀ ဒသမ ၉၅၃ သိန်းသည် ကျောင်းတက်ကြသည်။ အသက်(၁၀ မှ ၁၅)နှစ် ရှိပြီး အလယ်တန်းနှင့် အထက် တန်းကျောင်းတက်သူကလေး ပေါင်း ၃ ဒသမ ၂၇၉ သိန်းအတွက်အတန်းပေါင်း ၆,၁၁၃ ရှိ၍ ပျမ်းမျှတစ်တန်းလျှင် ၅၃ ဦးနှုန်းဖြင့် သင်ကြားနေရသည်။ အမှန်စဉ်စစ် အချို့လူကြိုက်များသောကျောင်း များတွင် တစ်တန်းလျှင် ၇၀-၈၀ ဦးလည်းရှိသည်။ မြန်မာပြည်၏ ရှိသင့်သော နှုန်းမှာ တစ်တန်းလျှင်ကျောင်းသား ၄၀ ဦးဖြစ်၍ ယခု အခြေအနေအရ အတန်းပေါင်း ၂,၀၈၄ တန်း (သို့မဟုတ်)အတန်း ၂၀ ရှိသော ကျောင်းပေါင်း ၁၀၄ ကျောင်းလိုအပ်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်စာရင်းဖြစ်ပါသည်။

(၁၄) ကျောင်းများလိုအပ် ချက်မှာ လက်ငင်းအခြေအနေ၏ လိုအပ်ချက်သာဖြစ်ပြီး ကျောင်းမ တက်သော ကလေးများနှင့် နောင် တိုးပွားလာမည့် ကလေးများအ တွက် လိုအပ်ချက်များမပါဝင် သေးပေ။ နောင်သောအခါအ တွက် လိုအပ်ချက်မှာ ယခုကျောင်းတက်နှုန်းကို အခြေခံပါလျှင် ယခုကျောင်းတက်နေသော အသက် (၅)နှစ်မှ (၁၅)နှစ် ကလေးပေါင်း ၆ ဒသမ ၆၅ သိန်းရှိ၍ နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ဖြင့် တိုးပွား လျက်ရှိသဖြင့် နှစ်စဉ် ကျောင်း သားပေါင်း ၁၆,၆၀၀ ဦးခန့်၊ စာ သင်တန်းပေါင်း ၄၁၅ တန်း၊ အ တန်း ၂၀ ရှိသော ကျောင်းပေါင်း ၂၀ ခန့် နှစ်စဉ် တိုးချဲ့ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။

(၁၅) ရန်ကုန်မြို့လူဦးရေ သိပ်သည်းမှုသည် တောင်ဘက် နှင့် အလယ်ဘက်ခြမ်းတွင် လွန်စွာ မြင့်မား၍ အရှေ့ဘက်မြို့နယ်များဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့တွင် လူဦးရေသိပ်သည်းမှုများစွာလျော့နည်းသည်။ တောင်ဘက်နှင့် အလယ်ဘက် ခြမ်းတို့တွင် စတုရန်း (၁)မိုင်လူဦး ရေ ၅၀,၀၀၀-၁၀၀,၀၀၀ ခန့်ရှိ၍ အရှေ့ဘက်ရှိ မြို့သစ်များတွင် ပျမ်းမျှ ၇,၀၀၀ ခန့်သာရှိသည်။

(၁၆) တိုးချဲ့မြို့နယ်များဖြစ် သော ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံ မြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေ ပြည်သာနှင့် လှိုင်သာယာတို့တွင် လူဦးရေ ၁ ဒသမ ၇ သန်းခန့်၊ ရန်ကုန်မြို့ လူဦးရေ၏ ၃၄ ရာခိုင် နှုန်းနေထိုင်လျက်ရှိသည်။ ထိုလူထုမှာ ရေရရှိရေး၊ လျှပ်စစ်ရရှိ ရေး၊ ရေကြီးရေလျှံခြင်း၊ နေ့စဉ်သွားလာရေး စသည်တို့တွင် အများဆုံးခံစားရသော အုပ်စုဖြစ်သည်။

ရန်ကုန်မြို့တိုးချဲ့ရန် သင့်၊ မသင့်

>>>>>>>>>>>>>>

အထက်တွင် တင်ပြခဲ့သော အချက်တို့မှာ အကျဉ်းချုံးဖော်ပြ ခြင်းသာဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူလူထု နေ့စဉ်သိရှိခံစားနေ ကြရသောကိစ္စများဖြစ်ပါသည်။ ထိုရန်ကုန်မြို့၏ များစွာလိုအပ်ချက်များမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သောကြောင့် သာဖြစ်ပြီး ယခုအခါ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထား သော အစိုးရလက်ထက်တွင် ဦးစားပေးအနေနှင့် ဆောင်ရွက်သင့်ပေသည်။ အများပြည်သူအကျိုးအတွက်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက် သင့်ပေသည်။ အထက်တွင် တင် ပြခဲ့သော လိုအပ်ချက်များမှာ ဖြေ ရှင်းရန် နည်းလမ်းများလည်းရှိပြီး ပြဿနာအများစုတို့မှာ သင့်လျော်သော တန်ဖိုးဖြင့် သင့်တော်သော အချိန်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ ထိုအချက်များတွင် ဦးစားပေးရမည့်အစား ယခုအခါ ရန်ကုန်မြို့ကို တိုးချဲ့ရန် ဆောင်ရွက်နေကြသည်။

ရန်ကုန်မြို့တိုးချဲ့ခြင်းကို ဆန္ဒရှိကြသော သူများ၏အ ကြောင်းပြချက်မှာ မြေဈေးလျှော့ ချရန်နှင့် ယခုနှစ်များအတွင်း တိုး ပွားလာသော လုပ်ငန်းရပ်များအတွက် မြေလွတ်များလိုအပ်ချက် ပင်ဖြစ်မည်ဟု ယူဆပါသည်။ ထို သည်နှင့်ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တိုးချဲ့ခဲ့ ပြီး အသုံးမပြုသော မြေလွတ် ပေါင်းများစွာရှိပါသည်။ ထိုမြေ လွတ်များတွင်လည်း အမျိုးအစား ပေါင်းများစွာရှိပါသည်။ ထိုသည် တို့တွင် (၁) ထိုစဉ်အခါက မြေ သိမ်းခဲ့ပြီး အသုံးမပြုသေးသော မြေများ၊ (၂) ထိုစဉ်အခါက မြေ သိမ်းခဲ့သော်လည်း လယ်သမား များကို ဥပဒေအရ လျော်ကြေး မပေးရသေးသော မြေများ၊ (၃) အချို့ပုဂ္ဂလိကကုမ္ပဏီများကို လွှဲ ပြောင်းပေးခဲ့ပြီး ထိုပုဂ္ဂလိကကုမ္ပ ဏီတို့ အသုံးမချသော မြေများ၊ (၄) တရားမဝင်ဝယ်ယူရောင်းချ နေကြသော မြေများ စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ ရရှိသော စာရင်းများအရ ထိုထိရောက်စွာ အသုံးမချသော မြေများမှာ ဧက ၁၈,၀၀၀ ခန့်ရှိပါသည်။ မြို့တိုးချဲ့ ကြခြင်းမပြုလုပ်မီ ယခုလက်ရှိ မြေလွတ်များကို အသုံးချရန် ဦး စားပေးသင့်ပေသည်။ မြို့တိုးချဲ့ ကြခြင်းများတွင် စိုက်ပျိုးမြေများ (သို့မဟုတ်)ငါး၊ ပုစွန်မွေးမြူရေး စသည်တို့အတွက် အသုံးချနိုင် သော မြေများကို သိမ်းယူကြရပါ မည်။ လမ်းသစ်များ၊ တံတားများ အတွက် ကုန်ကျစရိတ်ကြီးမားပါသည်။

အထက်တွင် တင်ပြခဲ့သော ထိရောက်စွာ အသုံးမချသော မြေဧက ၁၈,၀၀၀ ခန့်ဆိုသည်မှာ ရန် ကုန်မြို့အရှေ့ဘက်နှင့် အရှေ့ မြောက်ဘက်၊ နောင်ပေါ်ပေါက်လာမည့် ဟံသာဝတီလေဆိပ်သွား လမ်းဝန်းကျင်၊ နေရာကောင်းများတွင် ရှိပါသည်။ မြေဈေးထိန်းချုပ်ရန် မြေသစ်များဖော်ထုတ်လိုလျှင် ရန်ကုန်မြို့အတွက် လိုအပ်ချက်မှာ နှစ်စဉ် ဧက ၅၀၀-၁,၀၀၀ ခန့်သာ ဖြစ်ပြီး တင်ပြသောမြို့တွင်းလစ်လပ်သော မြေများကို အသုံးပြုမည်ဆိုလျှင် နောင်နှစ် ပေါင်း ၁၀-၁၅ နှစ်ခန့်အတွက် လုံလောက်ပေသည်။

မြန်မာပြည်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း နှင့် ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဤဆောင်းပါးအတွင်း တင်ပြခဲ့သည်များမှ ကောက်နုတ်ချက်ချနိုင်သည်မှာ (၁) ရန်ကုန်မြို့နှင့် ပတ်သက်လျှင်လည်းကောင်း၊ မြန်မာပြည် မြို့ရွာများနှင့် ပတ်သက်၍လည်းကောင်း၊ လွန်ခဲ့ သော နှစ်ပေါင်းများစွာအတွင်း ကဏ္ဍတစ်ရပ်နှင့်တစ်ရပ် ဆက်စပ်နေမှုကို အရေးမမူခဲ့ဘဲ ပြဿ နာများကို သီးခြားအကောင်အ ထည်ဖော်ခဲ့ကြခြင်း၊ (၂) ရန်ကုန်မြို့အပါအဝင် မြန်မာပြည်အနှံ့ အပြား မြို့ရွာများတွင် နှစ်တိုနှစ် ရှည်စီမံကိန်းများမရှိခဲ့ခြင်း၊ (၂) ထို့ကြောင့် မြို့ရွာများတွင် စီမံကိန်းမရှိ၊ အထိန်းအကွပ်မရှိ ဖြစ်ပေါ် နေကြခြင်းဟူသော အချက်သုံးချက်ဆိုလျှင် သဘောတူကြမည် ဟု ယူဆပါသည်။ မိမိတို့တိုင်းပြည်သည် ယခုအခါ တစ်ဦးတစ်ယောက်က ဆုံးဖြတ်သော စနစ်မှအများပြည်သူက ရွေးချယ်တင်မြှောက်သော သူတို့ကအများပြည်သူအတွက် လုပ်ကိုင်ဆုံးဖြတ်သော စနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်အခါတွင် အများပြည်သူအတွက်၊ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရှင်ပေါင်းစုံ၊ ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်သင့်ပေသည်။

လူဦးရေဖြန့်ဖြူးမှုပုံစံများတွင် မိမိတို့တိုင်းပြည်ကဲ့သို့သောဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရသည်တို့မှာ Primate Cities ခေါ် လွန်စွာကြီးမားသော မြို့ကြီးများ ပေါ်ပေါက်ခြင်းနှင့် Agglomera-tion Areas ခေါ် ကြီးမားသော မြို့ကြီးများဝန်းကျင်တွင် သိပ်သည်းမှုအလွန်မြင့်မားသော၊ ပူးကပ်လျက်ရှိသော မြို့များပေါ် ပေါက်ခြင်းတို့ဖြစ်သည်။ ထိုဧရိယာများသည် လူအများကျန်းမာရေးနှင့် မသင့်လျော်သော လေထု နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပေါ်ပေါက်လျက်ရှိသည်။ အကယ်၍သာ မိမိတို့တစ်ပြည်လုံးလွှမ်းခြုံ သော လူဦးရေဖြန့်ဖြူးမှုစီမံကိန်းများဖြင့် ထိန်းချုပ်မှုမရှိပါဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက မိမိဒေသများအတွင်း မြို့များကိုတိုးချဲ့ကြပါလျှင် ရန်ကုန်မြို့ နှင့် ပတ်ဝန်းကျင်၊ မန္တလေးမြို့နှင့် ပတ်ဝန်းကျင်တို့သည် ထို Agglo-meration Areas ခေါ် သိပ်သည်းမှု အလွန်မြင့်မားသော၊ ကျန်းမာရေးနှင့် မသင့်လျော်သော လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသော လူ့ပတ်ဝန်းကျင်များ ဖြစ်ပေါ်ပေတော့မည်။

7 Day Daily

Local News Read 487 times