နစ်ကေး (Nikkei) အာဆီယံထုတ်လုပ်ရေး PMI™ စစ်တမ်းမှတ်တမ်းများအရ အာဆီယံထုတ်လုပ်ရေး ဦးမော့လာမှုသည် စက်တင်ဘာလတွင် အရှိန်ကျလာခဲ့ပါသည်။
အာဆီယံနိုင်ငံများအတွင်း ထုတ်လုပ်မှုအခြေအနေများမှာ တတိယသုံးလပတ်အကုန်ပိုင်းတွင်ရှေ့ဆက်တိုးတက်လာခဲ့သော်လည်း ပို၍အရှိန်နှေးလာခဲ့ကြောင်း IHS Markit မှတွက်ချက်ပေးသည့်နစ်ကေး (Nikkei) အာဆီယံ ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ရှိ အဓိကအကျဆုံး အညွှန်းမှအချက်ပြနေပါသည်။
အဓိက အချက်များ-
• ထုတ်လုပ်မှုရော အော်ဒါသစ်များပါ နှစ်ခုစလုံး တိုးတက်မှုနှေးလာခြင်း
• နိုင်ငံခြား တင်ပို့မှုရှေ့ဆက်ကျဆင်းလာခြင်း
• စရိတ်စက ဖောင်းပွမှုများ ပိုမိုအားကောင်းလာနေခြင်း
ထုတ်လုပ်မှုအခြေအနေ
******************
အဓိကအကျဆုံး PMI သည် သြဂုတ်လ၏ ၅၁.၀ မှစက်တင်ဘာလတွင် ၅၀.၅ သို့ဆင်းသွားခြင်းဖြင့်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အနည်းအကျဉ်းမျှသာ တိုးတက်လာကြောင်းကိုအချက်ပြခဲ့ပါသည်။
စက်တင်ဘာလ ဒေတာက PMI သုံးလပတ်အညွှန်းကို၅၀.၆ ဟုဖော်ပြခဲ့ရာ လွန်ခဲ့သည့်သုံးလပတ်၏ ပျမ်းမျှ ၅၁.၂ ထက်နိမ့်နေပါသည်။ နောက်ဆုံး ဒေတာက ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ တိုးတက်မှု နှေးလာလျက်နိုင်ငံခြားတင်ပို့မှုများ ရှေ့ဆက်ကျဆင်း လာနေကြောင်းကို အချက်ပြနေပါသည်။ ဒေသ တဝှမ်းလုံးကိုခြုံငုံလေ့လာကြည့်လျှင် စွမ်းဆောင်ချက်များမှာ ဟန်ချက်မညီဖြစ်နေဆဲဖြစ်သည်။
စောင့်ကြည့်လျက်ရှိသည့်ခုနစ်နိုင်ငံအနက်လေးနိုင်ငံမှာ စက်တင်ဘာလတွင်ထုတ်လုပ်မှုအခြေအနေများ တိုးတက်လာကာ သြဂုတ်လမှစ၍ မပြောင်းလဲခဲ့ကြောင်း ပြသခဲ့ကြသည်။ ဖိလစ်ပိုင်သည်စက်တင်ဘာလတွင်အာဆီယံနိုင်ငံများ အကြား ထုတ်လုပ်ရေး PMI အဆင့်အရ ထိပ်ဆုံး၌ ရှိနေလျက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများတွင်မသိမသာ ပိုမိုတိုးတက်မှု ရှိခဲ့ပါသည်။
သြဂုတ်လတွင်အကောင်းဆုံး ရလဒ်ကိုပြသခဲ့သည့် ဗီယက်နမ်သည်ကုန်စည်ထုတ်လုပ်ရေးကဏ္ဍ၌ တိုးတက်မှုသိသိသာသာ နှေးလာခဲ့ပါသည်။ ရလဒ်အနေဖြင့်ဗီယက်နမ်နိုင်ငံသည် မလေးရှားနှင့်အတူဒုတိယ နေရာကိုပူးတွဲယူလိုက်ရသည်။
အင်ဒိုနီးရှားသည်လုပ်ငန်းလည်ပတ်မှုအခြေအနေများတွင် တိုးတက်မှု ပိုနှေးလာသောကြောင့် စတုတ္ထနေရာသို့ဆင်းလိုက်ရပြီး ထိုင်းနိုင်ငံကမူ စက်တင်ဘာလတွင်လုပ်ငန်းများ တန့်နေမှုနှင့်ရင်ဆိုင်နေရသည်။ စင်္ကာပူနှင့်မြန်မာနိုင်ငံတို့ကမူ၎င်းတို့၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ ဆက်လက်ကျဆင်းနေခြင်းကိုအချက်ပြခဲ့ကြသည်။
စက်တင်ဘာလစစ်တမ်းအရ ဖောက်သည်များ၏ ဝယ်လိုအားပျော့လာနေသည့်လက္ခဏာများကိုတွေ့မြင်ရပါသည်။ ပြည်ပတင်ပို့မှုမှာ ဒုတိယလအဖြစ်ဆက်တိုက်ကျဆင်းသွားသည့်အတွက် လုပ်ငန်းသစ်များ စုစုပေါင်း တိုးရလာမှုမှာ သြဂုတ်လထက် အရှိန်ကျလာခဲ့သည်။
စက်တင်ဘာလအတွင်း ဝယ်လိုအားပျော့လာမှုနှင့်အတူ ခြောက်လအတွင်း ထုတ်လုပ်ရေး တိုးတက်မှုနှုန်းမှာ အနှေးဆုံး ဖြစ်ခဲ့ပါသည်။ ထို့အပြင် ကုမ္ပဏီများသည်လက်ရှိနှစ်ထဲတွင်ပထမဆုံး အကြိမ်အဖြစ်ဝယ်ယူရေး လုပ်ငန်းများကိုလျှော့ချခဲ့ကြပါသည်။ ဝယ်ယူမှုပမာဏများမှာ တတိယသုံးလပတ်အဆုံးပိုင်းတွင်အနည်းငယ်ကျဆင်းသွားခဲ့ရာ ထည့်ကုန်များ ဝယ်ယူသိုလှောင်မှုကိုပါ ကျဆင်းလာေစေနိုင်ဖွယ်ရှိသည်။
အထူးသဖြင့်လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း လက်ကျန် ထည့်ကုန်များ၏ စာရင်းများတိုးမလာခဲ့ပါ။ ယင်းအတောအတွင်း ကုန်ချော သိုလှောင်ထားမှုသည်စက်တင်ဘာလထဲတွင်ဆယ်လမြောက်အဖြစ်ကျဆင်း လာခဲ့ပါသည်။
အော်ဒါအသစ်များ တိုးပြီးရလာခဲ့သော်လည်း စက်ရုံများ၏ စွမ်းပကားများအပေါ် ဖိစီးမှုနည်းပါသေးသည်။ ပြောင်းပြန်အားဖြင့် မပြီးစီးသေးသည့်အလုပ်များ၏ ပမာဏများ ဆက်လက် ကျဆင်းလာနေပါသည်။ အလုပ်နေရာ ဖန်တီးပေးမှုများကို စက်တင်ဘာလတွင်ဆက်လက်တွေ့မြင်ခဲ့ရပြီး ဝန်ထမ်းများ တိုးခန့်မှုကို ခြောက်လအထိတိုးချဲ့ပေးလိုက်ရာ စစ်တမ်းသမိုင်း အတွင်း အကြာရှည်ဆုံး ဖြစ်လာပါသည်။
ပစ္စည်းပေးသွင်းမှုများ ပိုမိုကြာမြင့်လာကြောင်း အစီရင်ခံမှုမှာ စက်တင်ဘာလတွင် ခုနှစ်လမြောက်ဆက်တိုက်ဖြစ်လာသော်လည်း ယင်းကြန့်ကြာရမှုများမှာ ထည့်ကုန်များ ရှားပါးလာခြင်း၊ ဒေသတဝှမ်းရှိ ရာသီဥတု ဖောက်ပြန်မှုရှိခြင်းများနှင့်ဆက်စပ်နေသည်ဟုယူဆရပါသည်။ ဒေသတဝှမ်းလုံးတွင်စရိတ်စကများ၏ အားကောင်းသည့်ဖိအားပေးမှုများ ရှိနေပါသည်။ ထည့်ကုန်ဈေးနှုန်းများ ဖောင်းပွလာမှုမှာ တစ်နှစ်ခွဲအတွင်း အမြန်ဆုံး ဖြစ်လာပါသည်။ စစ်တမ်းတွင်အကျုံးဝင်သည့်ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံက တတိယသုံးလပတ်အဆုံးပိုင်းတွင်ကုန်ကျစရိတ်မြင့်မားမှု ဝန်ထုပ်အကြောင်းကိုဆက်လက်အစီရင်ခံခဲ့ကြသည်။
ထည့်ကုန်ဈေးနှုန်းများ ကျဆင်းလာကြောင်း မှတ်တမ်းတင်ခဲ့သည့် တစ်ခုတည်းသောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်ငွေကြေး ဖောင်းပွမှုအပြင်းထန်ဆုံး အခြေအနေကိုဆက်လက်တွေ့ကြုံနေရစဉ် ကျပ်ငွေအပေါ် ဖိစီးမှုများ တိုးလာနေခြင်းကြောင့်စစ်တမ်းတွင်း အမြင့်ဆုံး ဖြစ်လာဖွယ်ရှိပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများအားလုံးသည်ထည့်ကုန်စရိတ်များ၏ ဖောင်းပွမှုနှုန်း ပိုမြင့်လာနေကြောင်း အစီရင်ခံကြပါသည်။ ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများကိုခံသာလာစေရန်ကုမ္ပဏီများသည်၎င်းတို့၏ ပျမ်းမျှ ရောင်းဈေးများကိုစက်တင်ဘာလထဲတွင်ဆက်ပြီး မြှင့်တင်ခဲ့ကြရာ ထုတ်ကုန်ရောင်းဈေးများ ဖောင်းကြွလာမှုမှာ ခုနစ်လအတွင်း အမြင့်ဆုံး ဖြစ်လာသည်။
နောက်ဆုံးအချက်အနေနှင့်လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ စက်တင်ဘာလတွင်အပြုသဘောကိုဆက်လက်ဆောင်လျက်ရှိနေပြီး သြဂုတ်လနှင့်စာလျှင်မသိမသာ ပိုမိုတိုးတက်လာပါသည်။ သို့သော်လည်း အကောင်းမြင်စိတ်အတိုင်းအတာမှာမူသမိုင်းတလျှောက်ရှိ ပျမ်းမျှအနေအထားထက်အတော်ကလေး နိမ့်ကျ နေဆဲဖြစ်သည်။
သုံးသပ်ချက်
********
အာဆီယံထုတ်လုပ်ရေး PMI စစ်တမ်း ဒေတာကိုသုံးသပ်ရာတွင်IHS Markit မှ အဓိကရ စီးပွားရေးပညာရှင် Bernard Aw က သုံးသပ် ပြောကြားခဲ့သည်မှာ-
“အာဆီယံတဝှမ်းမှာ အော်ဒါအသစ်များသာမက ထုတ်လုပ်မှုဲတွင်ပါ တိုးတက်မှုနှုန်း နှေးလာနေခြင်းကြောင့်ထုတ်လုပ်ရေး ဦးမော့ခဲ့မှုမှာ တတိယ သုံးလပတ်အကုန်ပိုင်းတွင်အရှိန်ကျဆုံးသွားပါသည်။
“အနာဂတ်ထုတ်လုပ်ရေးဆိုင်ရာ ယုံကြည်မှုမှာ အပြုသဘောဆောင်ပြီး အလုပ်နေရာသစ်များကိုဆက်လက်ဖန်တီးနေဆဲ ဖြစ်သော်လည်း စစ်တမ်း၏ အခြား အညွှန်းကိန်းများကမူလက်ရှိတိုးတက်မှုဆိုင်ရာ ရေရှည်ခံနိုင်ရည်ရှိခြင်းအပေါ် သံသယဖြစ်စေပါသည်။ လက်ကျန် စာရင်းများမှာ ဆက်လက်ကျဆင်းလာနေပြီး အာဆီယံ ထုတ်လုပ်သူတို့သည်ထည့်ကုန်ဝယ်ယူမှုများကိုလျှော့ချလာနေကြသည်။ ထို့အပြင်ဒေသတဝှမ်းမှာ အားကောင်းသည့်ဖိအားပေးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံတော်တော်များများက ဆိုးရွားသော ဒေါ်လာ လဲလှယ်နှှုန်းများကြောင့်ထည့်ကုန်ဈေးနှုန်းများ အရှိန်ပြင်းစွာဖြင့် မြင့်တက်လာနေကြောင်း သတင်း ပေးပို့ကြပါသည်။”
PMI ဆိုသည်မှာ
**********
PMI™ စစ်တမ်းများမှာ ယခု အခါနိုင်ငံ ၄၀ ကျော်တွင်ရှိပြီး ဖြစ်ပါသည်။
၎င်းပြင် ယူရိုဇုန်အပါအဝင် အဓိကဒေသကြီးများ အတွက်လည်း ရှိပါသည်။ ဤစစ်တမ်းများမှာ ကမ္ဘာတွင်အနီးကပ်စောင့်ကြည့်ခံရဆုံးသော စီးပွားရေးလုပ်ငန်း စစ်တမ်းများ ဖြစ်သကဲ့သို့ အချိန်နှင့် တစ်ပြေးညီ တိကျပြီး လစဉ်တစ်မူထူးခြားသည့် စီးပွားရေးအလားအလာ ညွှန်ကိန်းများသည် တိကျပြီး နောက်ဆုံးပေါ် အချက်အလက်များ ဖော်ပြပေးသည့် အရည်အသွေးကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များ၊ စီးပွားရေး ဆုံးဖြတ်ချက်ချသူများက လိုလားနှစ်ခြိုက် ကြပါသည်။