နိုင်ငံ၏ ဂျီဒီပီတိုးတက်စေရန် ကုန်သွယ်မှု နှင့် ဝန်ဆောင်မှုကို အပြိုင်ဆောင်ရွက်သင့်ကြောင်း အကြံပြု


05 July, 2018

မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်ရန် ကုန်သွယ်မှု နှင့် ဝန်ဆောင်မှုကို အပြိုင်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေအတွင်းရေးမှူးဦးမျိုးသန့်က အကြံပြုခဲ့ပါသည်။

နိုင်ငံ၏ GDP ကို ကုန်သွယ်မှုလုပ်ငန်းကသာ တိုးတက်အောင်လုပ်နိုင်ကြောင်း ထင်မှတ်နေခြင်းသည် မှားယွင်းနေပြီး ဝန်ဆောင်မှုလုပ်ငန်းများကလည်း နိုင်ငံ၏ GDP ကို တိုးတက်အောင်ပြုလုပ်ပေးနိုင်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိအချိန်၌ ဈေးကွက်ကျဆင်းနေသည့် ခရီးသွားလုပ်ငန်း အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

ဇူလိုင် ၂ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ဦးမျိုးသန့်က ထိုသို့ ပြောကြားသည်။

‘‘စက်မှုဇုန်ပိုင်းမှာ တချို့အားနည်းချက်တွေရှိတော့ ကုန်သွယ်မှုအပိုင်းမှာ မထိုးဖောက်နိုင်တာလေးတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာရှိတဲ့ သဘာဝတောတောင်အလှအပတွေကို မှီပြီးတော့ ဝန်ဆောင်မှုအရတိုင်းပြည် GDP ကို တိုးတက်အောင်လုပ်နိုင်တဲ့ အနေအထားတွေရှိတယ်’’ ဟု ဦးမျိုးသန့်က ပြောသည်။

ခရီးသွားလုပ်ငန်းဖြင့်စီးပွားရှာမည်ဆိုပါက လက်ရှိအချိန်သည် ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်းတစ်ခုတည်းကိုသာ အားကိုးမရနိုင်ကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အသင့်အနေအထားရှိရန်လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသက် လွင်တိုးကပြောသည်။

မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည် ၂၀၁၈ တွင် ၆ဒသမ ၇ ရာခိုင်နှုန်းရှိလာမည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။

 7 Day Daily

Local News Read 529 times