ပခုက္ကူသီးနှံဈေးကွက်အတွင်း ယခုနှစ်ဇွန်လလယ်ပိုင်းတွင်း ဝယ်လက်များပြားနေသည့် နှမ်းမျိုးစုံဈေးနှုန်းမြှင့်တက်လာပြီး ပဲစဉ်းငုံသီးနှံမှာ နေ့စဉ်အိတ်ရေ ၂၀၀၀ ကျော် အရောင်းအဝယ်ပြုလုပ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရပါသည်။
ပခုက္ကူသီးနှံဈေးကွက်အတွင်း ကုန်လက်ကျန်နည်းပါးနေသည့် နှမ်းနက်(စမှုံ)မှာ ဝယ်လိုအားများပြားနေခြင်းကြောင့် နှမ်းနက်(စမှုံ)မှာ ဇွန် ၁၃ ရက် ဈေးကွက်တွင် တစ်တင်းလျှင် ကျပ် ၃၉၀၀၀ မှ ကျပ် ၄၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရပါသည်။
ပခုက္ကူနယ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေဝင်ဒေသများမှ ရေသွင်းစိုက်ပျိုးသည့် နှမ်းဖြူမှလည်း ပခုက္ကူသီးနှံအတွင်း စတင်ဝင်ရောက်နေပြီး ကုန်ဝင်ရောက်မှုနည်းပါးသော်လည်း တစ်တင်းလျှင် ကျပ် ၄၃၀၀၀-၄၄၀၀၀ ပေါက်ဈေးရှိကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံသို့ တန်ချိန် နှစ်သိန်းနီးပါးတင်သွင်းခွင့်ရရှိထားသည့် ပဲစဉ်းငုံမှာ ပခုက္ကူသီးနှံဈေးကွက်အတွင်း ဇွန်လ ၁၃ ရက် ဈေးကွက်တွင် တစ်တင်းလျှင် ကျပ် ၁၅၃၀၀ ပေါက်ဈေးရှိပြီး နေ့စဉ် အိတ် ၂၀၀၀ ကျော် ရောင်းဝယ်နေကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံမှ ပဲစဉ်းငုံတန်ချိန် နှစ်သိန်း ဝယ်ယူမည်ဟု မေလဆန်းက ထုတ်ပြန်ခဲ့ပြီးနောက် ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာရာ မေလကုန်တွင် တစ်တင်းလျှင် ကျပ် ၁၅၀၀၀ အောက် ပေါက်ဈေးရှိပြီး ဇွန်လဆန်းတွင် တစ်တင်းလျှင် ကျပ် ၁၅၀၀၀ အထက်ရောက်ရှိလာကြောင်း သိရပါသည်။
ယခုဇွန်လဆန်းမှ လလယ်ပိုင်းထိ ရက်ရှည်မိုးရွာသွန်းမှုကြောင့် ပခုက္ကူနယ်တစ်ဝိုက်မှ ကျွန်းမြေစိုက်တောင်သူများမှာ သီးနှံများအချိန်မီ မရိတ်သိမ်းနိုင်ခြင်းနှင့် သီးနှံအခြောက်ခံခြွေလှေ့ရန် အဆင်မပြေခြင်းတို့ကြောင့် အရည်အသွေးနှိမ့်ကျမှုကြုံတွေ့ပြီး ကုန်းယာမြေများမှ နှမ်းစိုက်တောင်သူများမှာ ပိုးကျမည်ကို စိုးရိမ်နေကြောင်း သိရပါသည်။
ပခုက္ကူဒေသတစ်ဝိုက်တွင် မေလကုန်ပိုင်းမှစ၍ ယခုဇွန်လလယ်ပိုင်းထိ နေ့စဉ်နီးပါး မိုးရွာသွန်းနေခြင်းကြောင့် ချောင်းဘေးစိုက်ခင်းအချို့ ပျက်ဆီးမှုများ ကြုံတွေ့နေရကြောင်း သိရပါသည်။
Daily Eleven