တရုတ် ဝယ်လိုအားကောင်း၍ နှမ်းစံချိန်တင် ဈေးတက်


07 September, 2018

တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် နှမ်းဈေးနှုန်း စံချိန်တင်တက်လာကြောင်း မန္တလေးမြို့ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးပဲနှမ်း ကုန်စည်ဒိုင်)မှကုန်သည်ကြီးများထံက သိရသည်။

မန္တလေးမြို့ရှိ ဘောဂပွဲရုံပိုင်ရှင် ဦးဌေးက “လက်ရှိဈေးက နှစ်နှစ်၊ သုံးနှစ်အတွင်း အမြင့်ဆုံးဈေးပဲ။ မိုးများလို့ နှမ်းအပျက်အစီးများတဲ့အချိန် တရုတ်ဆွဲအားကောင်းလို့ ဈေးကအခုလိုတက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးနှမ်းဈေးကွက်

*****

၂၀၁၇ ခုနှစ်က မန္တလေးပဲနှမ်းဈေးကွက်တွင် သုံးတင်းဝင်တအိတ်လျှင် ၁ သိန်း ၄ သောင်းကျပ်ဝန်းကျင်ရှိသော နှမ်းနက် စမုံ(ထိပ်စ)သည် လက်ရှိဈေးကွက်တွင် ၂ သိန်း ၁ သောင်းကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နှမ်းအမျိုးအစားများအနက် ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ဈေးကွက်၌ နှမ်းဖြူတအိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ နှမ်းညို ၁၃၇၀၀၀ ကျပ်၊ နှမ်း အဝါ ၁၃၉၀၀၀ ကျပ်တို့နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်၏ နေ့စဉ်ကုန်စည်ပေါက်ဈေးနှုန်းသတ်မှတ်ချက်များအရ သိရသည်။

အထက်ပါ ဈေးနှုန်းများသည် မန္တလေးဈေးကွက်သို့ နှမ်းအသစ်ဝင်သည့် ဇူလိုင်လဆန်းမှ စတင်ကာ တဖြည်းဖြည်း ဈေးတက်လာခဲ့ပြီး ယနေ့ဈေးသည် သုံးနှစ်အတွင်း စံချိန်တင် အမြင့်ဆုံးဈေးသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောဆိုသည်။

ယခုနှစ်၌ မိုးများသဖြင့် နှမ်းစိုက်ခင်းများ အပျက်အစီးများ၍ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက နှမ်းအထွက်နှုန်းမှာလည်း ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိဈေးကွက်အတွင်းသို့ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းအတွင်းက နယ်အသီးသီးမှ ပစ္စည်းဝင်လျက်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်က သိရသည်။

မန္တလေးမြို့၊ မုံရွာ ပွဲရုံပိုင်ရှင် ဦးမျိုးဆွေက “တရုတ်ဝယ်လိုအားကောင်းတဲ့အပေါ်မူတည်ပြီး ဈေးကွက်ကဖြစ်နေမှာ ဆိုတော့ ထပ်တက်ဦးမလားဆိုတာက ခန့်မှန်းရခက်တယ်” ဟု ပြောသည်။

လက်ရှိအချိန်၌ ဆောင်းနှမ်းများ စတင်စိုက်ပျိုးသည့်အချိန်ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းတွင် မန္တလေးဈေးကွက်သို့ ဆောင်းနှမ်းအသစ်များ ဝင်လာနိုင်မည်ဖြစ်ရာ ထိုအချိန် မတိုင်ခင်အထိ နှမ်းဈေးကွက်သည် အလားအလာကောင်းနိုင်မည်ဟု ပဲနှမ်း ကုန်သည်ကြီးများက ခန့်မှန်းထားကြသည်။

မန္တလေး ပဲနှမ်းဈေးကွက်မှ ပြည်ပသို့တင်ပို့ရာတွင် နှမ်းအပါအဝင် မြေပဲဆံ၊ ပဲတီစိမ်း၊ ပြောင်းတို့ကို အဓိကတင်ပို့လျက်ရှိရာ ယခုတပတ်အတွင်း နှမ်းသည် ဈေးကောင်း၍ အရောင်းအဝယ်အသွက်ဆုံးဖြစ်ပြီး အခြားကောက်ပဲသီးနှံများမှာ ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးပဲ နှမ်းကုန်စည်ဒိုင်က ဆိုသည်။

နှမ်းတင်ပို့မှု

*****

မြန်မာနိုင်ငံမှ ထွက်ရှိသောနှမ်းကို တရုတ်နိုင်ငံသို့ ၇၀ ရာခိုင်နှုန်းနှင့် အများဆုံးတင်ပို့ပြီး ကျန်သည့် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: Irrawaddy

Export, Import Read 508 times