ရှမ်းကော်ဖီစေ့ နိုင်ငံခြားသို့တင်ပို့နိုင်ရန်စီစဉ်နေ


28 March, 2018

ရှမ်းပြည်နယ် ရွာငံမြို့နယ်ထွက် ကော်ဖီစေ့တန်ချိန် ၄ဝ ကျော်ကို အမေရိကန်နိုင်ငံသို့ ယခုနှစ်ဧပြီလဆန်းတွင် တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ရွာငံကော်ဖီအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။
ကော်ဖီတန်ချိန် ၄ဝ ကျော်ကို ရွာငံမြို့နယ်ထဲက ကော်ဖီစိုက်တောင်သူတွေ စုပေါင်းတင်ပို့မှာဖြစ်ပြီး အင်္ဂလန်ကိုလည်း ကော်ဖီစေ့ ၁၂ တန် သီးခြားတင်ပို့သွားဖို့ရှိသည်ဟု ၎င်းက ပြောခဲ့ပါသည်။

ကော်ဖီအရည်အသွေး အတန်းအစားပေါ်မူတည်ပြီး ကော်ဖီစေ့တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅,၈ဝဝ ကနေ ဒေါ်လာ ၇,ဝဝဝ အထိ ဈေးနှုန်းရရှိသည်။ ယမန်နှစ်က ရွာငံထွက် အထူးတန်းကော်ဖီစေ့ကို တစ်တန်လျှင် ကန်ဒေါ်လာ ၇,ဝဝဝ ခန့်ဖြင့် တန်ချိန် ၃၆ တန်ကို အမေရိကန်နိုင်ငံသို့လည်းကောင်း၊ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,ဝဝဝ ခန့်ဖြင့် ပရီမီယံဂရိတ်ကော်ဖီစေ့ ၁၈ တန်ကို ဆွစ်ဇာလန်နိုင်ငံသို့လည်းကောင်း တင်ပို့ခဲ့သည်။

ရွာငံမြို့နယ်တစ်ခုလုံးအနေဖြင့် ကော်ဖီရာသီတွင် ကော်ဖီစေ့တန်ချိန် ၇ဝဝ ခန့်ထွက်ရှိခြင်းဖြစ်ပြီး မလေးရှားနှင့်ထိုင်းနိုင်ငံများသို့လည်း သီးခြားတင်ပို့ရောင်းချနေခြင်းဖြစ်သည်။

မြန်မာ့ကော်ဖီ၊ ရွာငံကော်ဖီက ပြည်တွင်းပြည်ပဈေးကွက်မှာ နာမည်ရှိ၍ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဥရောပဝယ်လက်တွေလောက်သာ အများဆုံးသိခဲ့သော်လည်း ယခု အာရှတိုက်က နိုင်ငံတွေလည်း သိလာကြပြီ။ အခု ထိုင်ဝမ်က ဝယ်လက်တွေလည်း စိတ်ဝင်စားလာသည်ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

ရွာငံမြို့နယ်ရှိ ရွာပေါင်း ၁၂ဝ ကျော်အနက် ရွာ ၈ဝ ခန့်သည် ကော်ဖီစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး ကော်ဖီစိုက်ဧကပေါင်းမှာ ၈,ဝဝဝ ခန့်ရှိပြီး နှစ်ဧက၊ သုံးဧက စသဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသူ များပြားသည်။

ယမန်နှစ်က ရွာငံထွက်အထူးတန်း ကော်ဖီစေ့ကို အမေရိကန်သို့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇,ဝဝဝ ခန့်ဖြင့် တန်ချိန် ၃၆ တန်၊ ဆွစ်ဇာလန်နိုင်ငံသို့ ပရီမီယံဂရိတ် ကော်ဖီစေ့ ၁၈ တန်ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄, ဝဝဝ ခန့်ဖြင့် တင်ပို့ခဲ့သည်။

ထွက်ရှိလာသော ကော်ဖီစေ့များ ထုတ်လုပ်မှုပိုင်းတွင် အပြီးသတ်ကြိတ်ခွဲနိုင်သည့် ခေတ်မီစက်ယန္တရားများ မတပ်ဆင်နိုင်ခြင်းကြောင့် တစ်ဦးချင်း ပမာဏများများမထုတ်လုပ်နိုင်ဘဲ ပြည်ပသို့ များများတင်ပို့နိုင်စွမ်းမရှိကြောင်း၊ ခေတ်မီစက်များဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ပါက ပြည်ပသို့ ကော်ဖီစေ့တန်ချိန်များစွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွာငံကော်ဖီက ပြည်ပဈေးကွက်မှာ နာမည်ကြီးဖြစ်၍ မူပိုင်ခွင့်လုပ်ဖို့ ကြိုးစားနေကြောင်း၊ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ပထဝီအညွှန်းကိန်းဆိုင်ရာ မူပိုင်ခွင့် (Geographical Indication- GI) ရဖို့ ပြင်ဆင်နေကြောင်း၊ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ပိုပြီး ကာကွယ်မြှင့်တင်ပေးနိုင်မယ်၊ ကော်ဖီကိုလည်း ဈေးကောင်းပိုရစေမည်ဟု ၎င်းက ပြောသည်။

Local News Export, Import Read 676 times