တရားမဝင်သွင်းသည့် လက်ဖက်ခြောက်များကြောင့် နမ့်ဆန်လက်ဖက်စက်ရုံ ၁၀၀ ကျော် ပိတ်


22 September, 2018

တရုတ်က တရားမဝင်သွင်းလာတဲ့ လက်ဖက်ခြောက်တွေကြောင့် မြန်မာနိုင်ငံမှာ လက်ဖက် အဓိကထုတ်လုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသက လက်ဖက်စက်ရုံ ၁၀၀ ကျော် ပိတ်သွားပြီလို့ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

တရားမဝင် အခွန်မဲ့သွင်းလာတဲ့ လက်ဖက်တွေကြောင့် ဈေးနှုန်းမယှဉ်နိုင်တာ၊ စက်ရုံတွေ ပိတ်သိမ်းပြီး နှစ်ပတ်လည် မလုပ်တော့တာကြောင့် လက်ဖက်ခူးတာလျော့ပြီး ဒေသတွင်း လုပ်သား ရှားပါးလာတယ်လို့ ဆိုပါတယ်။

ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က “တရုတ်က လက်ဖက်တွေက တံခါးမရှိ ဓားမရှိ ဝင်လာတာလေ။ ချင်းရွှေဟော်မှာဆို တရုတ်က သွင်းလာတဲ့ လက်ဖက်ကို ပြည်တွင်း ကိုးကန့်လက်ဖက်ပါဆိုပြီး လက်မှတ်ထိုးခိုင်းပြီး သွင်းတာတွေရှိတယ်။ ထွေအုပ်ကလည်း မသိနိုင်ဘူးလေ။ ၁၀၅ မိုင်မှာလည်း အဲလိုပဲ။ အခွန်ကောက်လိုက်ရင်တော့ အခွန်လည်းရမယ်။ ပြည်တွင်းကလည်း ယှဉ်နိုင်သွားမယ်။ သူတို့က အခွန်မဲ့သွင်းလာတော့ ဈေးနှုန်း မယှဉ်နိုင်ဘူးလေ” လို့ ပြောပါတယ်။

တနှစ်ထက်တနှစ် လက်ဖက်ခင်းတွေ လျော့သွားတာ၊ မခူးဘဲ ထားတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။ နမ့်ဆန်ဒေသမှာ လက်ဖက်ကို တပိုင်တနိုင်လုပ်တာများပြီး အခုတော့ အဲဒီလို မရှိတော့တာလို့ ပြောပါတယ်။

“နမ့်ဆန်နဲ့ ကျောက်မဲမှာ စက်ရုံကြီး ၇ ရုံပဲကျန်တယ်။ စက်ရုံ ၉၀ ရာခိုင်နှုန်းက ပိတ်သွားပြီ။ အဲဒါကြောင့် အသင်းကနေပြီးတော့ ရွာတွေမှာ Green Tea တပိုင်တနိုင်ထုတ်လုပ်နည်းကို သင်တန်ပေးနေပါတယ်” လို့ ပြောပါတယ်။

ဒီဒေသမှာ အရင်ကဆိုရင် လက်ဖက်ခူးလုပ်သား ထောင်သောင်းချီ ခေါ်ခဲ့ရတာလို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာတနိုင်ငံလုံးက လက်ဖက်ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်ခဲ့ပေမယ့် အခုတော့ သိသိသာသာ လျော့သွားတယ်လို့လည်း ဆိုပါတယ်။

လက်ဖက်လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ ကိုသန်းဇော်က “ကျနော်သိသလောက် လက်ဖက်စက်ရုံ ၁၂၆ ရုံရှိခဲ့ပြီး အခုတော့ ၂၀ လောက်ပဲ ကျန်တော့တယ်။ ဒီထဲမှာ အားလုံးဟာ ရွှေဖီ ၂ ရိုးလောက်ပဲ လုပ်နိုင်တော့တယ်။ နှစ်ပေါက် မလုပ်နိုင်တော့ဘူး။ တချို့က လက်ဖက်စို ပြောင်းလုပ်ကြတယ်။ ကျနော်လည်း အဲလိုဖြစ်နေပြီ” လို့ ပြောပါတယ်။

ခါတိုင်းဆို လက်ဖက် အစိုအခြောက်စက်ရုံတွေဟာ မတ် နောက်ဆုံးပတ်ကနေ သြဂုတ်၊ စက်တင်ဘာအထိ လည်ပတ်နိုင်ခဲ့ပြီး အခုတော့ မေလလယ်လောက်အထိပဲ လုပ်ကိုင်ကြတော့ တာပါ။ ဒါကြောင့် တခြားအချိန်တွေမှာ ရွက်စိမ်းမဝယ်နိုင်ကြတော့လို့ ဒေသခံလုပ်သားတွေ ကလည်း တရုတ်ပြည်ထွက် အလုပ်လုပ်ကြတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပလောင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်ကတော့ မြန်မာဘက်မှာ လက်ဖက်ထွက်ချိန် ပြည်ပက လက်ဖက်သွင်းခွင့်ကို ပိတ်ပေးထားတာမျိုးလည်း လုပ်စေချင်တယ်လို့ ပြောပါတယ်။

အော်ဂဲနစ် လက်ဖက်စိမ်း ပြည်ပတင်ပို့ခြင်းကို စက်တင်ဘာလကုန်မှာ အစပြုပါတယ်။ အမေရိကန်နိုင်ငံသို့ လက်ဖက်စိမ်း တင်ပို့ခဲ့တာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပြီး နှစ်စဉ် တန် ၂၀ နီးပါး တင်ပို့ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၁၇ တန် တင်ပို့မှာ ဖြစ်တယ်။

အမေရိကမှ FDA ရဲ့ ခွင့်ပြုချက် ရယူဖို့သာ လိုအပ်ပြီး ပြည်တွင်းမှ FDA ရဲ့ ခွင့်ပြုချက် ရယူဖို့ မလိုအပ်ပါဘူး။

ထွက်ရှိတဲ့ လက်ဖက်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းဈေးကွက်မှာ ရောင်းချပြီး ၂၀ ရာခိုင်နှုန်းသာ အော်ဂဲနစ်ထုတ်ကုန်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကိုသာ ပြည်ပဈေးကွက်သို့ တင်ပို့တာ ဖြစ်ပါတယ်။

source eleven media  , DVB

Food Industry Export, Import Read 1113 times