Forbes မှ ထုတ်ပြန်သည့် ၂၀၁၈ မလေးရှား အချမ်းသာဆုံး ဘီလျံနာ ၅၀ စာရင်းတွင် အချမ်းသာဆုံး နံပါတ်(၁)တွင် ရောဘတ်ကွပ် Rebort Kuok ရှိနေသည်။
သူ့ချမ်းသာမှု တန်ဖိုးမှာ ကန်ဒေါ်လာ ၁၄.၈ ဘီလျံ ဖြစ်သည်။ အသက် ၉၄ နှစ် ရှိပြီဖြစ်သည့်အတွက်ကြောင့် သူသည် ၎င်းဘီလျံနာ စာရင်းတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။
သူလုပ်ကိုင်သောလုပ်ငန်းများတွင် စားအုန်းဆီလုပ်ငန်း၊ သင်္ဘောလုပ်ငန်းနှင့် မြေအိမ်ရာ အဆောက်အအုံလုပ်ငန်း သုံးမျိုးသည် အဓိက ဖြစ်သည်။ မြေအိမ်ရာ အဆောက်အအုံလုပ်ငန်းကဏ္ဍတွင် ရောဘတ်ကွပ်သည် ရှန်ဂရီလာ ဟိုတယ်များ ထူထောင်ခဲ့သူဖြစ်သည်။
ထိုသို့ ရှန်ဂရီလာဟိုတယ်များ ထူထောင်ခဲ့သည့် သူ့အတွေ့အကြုံကို တစ်သက်တာမှတ်တမ်းတွင် သူက ပြောပြထားတို့တွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှန်ဂရီလာ ဟိုတယ် ထူထောင်ခဲ့သည့် အတွေ့အကြုံလည်း ပါဝင်သည်။
ကျွန်တော် ဘန်ကောက်မှာ ဟိုတယ်တစ်လုံး ဆောက်ချင်တယ်။ ကျွန်တော့ရဲ့ မိတ်ဟောင်းဆွေဟောင်း ဆန်ကုန်သည်ကြီး Ang Toon Chew က ဘတ်စ်ကား အဓိက ဂိတ်ဆုံးနေရာနဲ့ အနီးအနားမှာ ရှိနေတဲ့ မြေတစ်ကွက်ကို ဝယ်ဖို့ ပြောတယ်။ အဲဒါ ၁၉၈၀ ပြည့်နှစ်လောက်မှာပေါ့။ ထိုင်းနိုင်ငံက လူဦးရေ ၄၅ သန်းကျော် နေထိုင်တဲ့ တိုင်းပြည် ဖြစ်နေပြီ။ ဘန်ကောက်မြို့က ဆုံချက် ဖြစ်နေတယ်။ နေရာအနှံ့မှ ဘတ်စ်တွေ ဘန်ကောက်ကို လာဆုံကြတယ်။ ဒီတော့ ဘတ်စ်ကားဂိတ်က အကြီးကြီးပဲ။ အခုထိလည်း အကြီးကြီးပါပဲ။
ကျွန်တော်က ဆန်ကုန်သည်ကြီး Ang Toon Chew ပြောတဲ့မြေကို သွားကြည့်တယ်။ မြေကွက်က အတော်ကြီးတယ်။ အဲဒီမြေကွက်ကြီးကို ဝယ်ဖို့ လုပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က နောက်ထပ် မိတ်ဟောင်းဆွေဟောင်းတစ်ဦးထံကို ဆက်သွယ်မေးမြန်းတယ်။ သူက ထိုင်းသကြားစက်လောကမှာ ဦးဆောင်နေသူဖြစ်ပြီး ပြည်ပပို့ကုန်လုပ်ငန်း လုပ်ကိုင်သူလည်း ဖြစ်တဲ့ ကွယ်လွန်သူ စုရီ (Suree Asdathorn) ဖြစ်ပါတယ်။
ကျွန်တော်က စုရီကို ပြောတယ်။ “ကျွန်တော် အဲဒီမြေကို ဝယ်ဖို့ ချိန်ထားတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် အရမ်းလေးစားတာကြောင့် အစုရှယ်ယာရှင်တစ်ဦးအဖြစ် ကျွန်တော်နဲ့ ပူးပေါင်းပေးပါလား”
စုရီက ကျွန်တော် တွေ့ဖူးသမျှ ထိုင်းစီးပွားရေးသမားတွေထဲမှာ အညက်ဆုံးတွေထဲမှ တစ်ယောက် ဖြစ်ပါတယ်။ သူက ဘယ်ဟာလဲ၊ ဘယ်အကွက်လဲဆိုတာကို မေးတယ်။ ကျွန်တော်က ဈေးဆိုင်ထားတဲ့ မြေကွက်အကြောင်းကို ပြောပြလိုက်တယ်။ သူက ပြောတယ်။
“ကျွန်တော်က ဘန်ကောက်ကို ကျွန်တော်ရဲ့ လက်ဝါးကို ကျွန်တော် ကောင်းကောင်းသိသလိုမျိုး သိထားတယ်”
ဟုတ်ပါတယ်။ အမှန်ပါပဲ။ သူက တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်အခြေချခဲ့သာ သူ့အသက် ၁၁ နှစ်သားမှာ ဖြစ်ပါတယ်။ သူက အကြောင်းသိ ဖြစ်လို့ သတိပေးတယ်။
“ဟင့်အင်း. . .။ ရောဘတ် . . .။ အဲဒီနေရာမှာ ဟိုတယ်ကို ခင်ဗျား မထားပါနဲ့။ အဲဒီမှာ ဆူညံတယ် မီးခိုးတွေ ရှိတယ်။ ညစ်ညမ်းနေတယ်။ ဘာလို့ ဟိုတယ်အကောင်းစားကို အဲဒီမှာ ထားရမှာလဲ။ ကြယ်သုံးပွင့်ဟိုတယ်ကိုတောင် ထောက်ကူပေးနိုင်မယ့် နေရာမျိုး မဟုတ်ဘူး”
ကျွန်တော်က ပြန်မေးလိုက်တယ်။
“ဒါဆို ဘယ်နေရာမှာ ထားရမှာလဲ”
စုရီက အခုလက်ရှိ ရှန်ဂရီလာဟိုတယ် ရှိနေတဲ့ နေရာကို ပြသပေးတယ်။ ချောင်ဖရာ မြစ်ကမ်းနဖူးပေါ်မှာ ရှိနေတဲ့ မြေကွက်ဖြစ်ပါတယ်။ သူက ဟိုတယ်မှာ ရင်းနှီးမြှုပ်နှံမှုလည်း ထည့်ဝင်တယ်။
စီမံကိန်းတစ်ခုနဲ့ ပတ်သက်လို့ ကျွန်တော် မသေမချာ ဖြစ်နေခဲ့ရင် အခုလို နည်းလမ်းကို တစ်ခါတလေမှာ ကျွန်တော် အသုံးပြုပါတယ်။ ကျွန်တော့ထက် ပိုတော်တဲ့သူနဲ့ စကားစမြည်ပြောပြီး တိုင်ပင်တယ်။ သူ့ကို ဖက်စပ်လုပ်ကိုင်ဖို့လည်း ကမ်းလှမ်းတယ်။ အဲဒီလို အလုပ်ကိစ္စကို တိုင်ပင်တဲ့အခါ “ဘုရားရေ . . . အဲဒါ အရမ်းဆိုးတဲ့ဟာ” လို့ ပြောတယ်ဆိုရင် အဲဒါက အဆိပ်ပဲလို့ သိရပြီ။ အဲဒီနည်းလမ်းကို သုံးပြီး သူတစ်ပါးတို့ရဲ့ မျက်လုံးတွေကနေတစ်ဆင့် သူတို့ရဲ့ အဲဒီကိစ္စအပေါ် အမြင်ကို ခင်ဗျား ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်ခွင့် ရသွားပါတယ်။