မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများ ဒေါ်လာရှားပါးမှုနှင့် ရင်ဆိုင်နေရ
မြန်မာနိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီများသည် ကြီးထွားလာနေသော အမေရိကန်ဒေါ်လာ ပြတ်လပ်မှုကြောင့် ရုန်းကန်နေရသည်။
မှားယွင်းသော နိုင်ငံခြားငွေထိန်းချုပ်မှုသည် အခြေအနေကို ပိုမိုဆိုးရွားစေပြီး စီးပွားရေးလုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရေးကို အန္တရာယ်ပြုနေသည်။
“နိုင်ငံခြားသုံးငွေ မရရှိတာက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြဿနာပါပဲ” ဟု မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်ကုန်သွယ်မှုလုပ်ငန်းတစ်ခု၏ ဒေသခံ အမှုဆောင်တစ်ဦးက ပြောသည်။
နိုင်ငံတွင်းရှိ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုမှ ရရှိသော မြန်မာကျပ်ငွေကို ကုန်ကြမ်းဝယ်ယူရန် သို့မဟုတ် သွင်းကုန်များ တင်သွင်းရန်အတွက် အမေရိကန် ဒေါ်လာအဖြစ် ပြောင်းလဲကြရပါသည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဘဏ်များထံမှ ဒေါ်လာများ ၀ယ်ယူရန် ၎င်းတို့အတွက် အလွန်ခက်ခဲနေခဲ့ပါသည်။
တိုင်းပြည်၏ နိုင်ငံခြားသုံးငွေ မူဝါဒကို ဆုံးဖြတ်ရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကို ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။
၎င်းဧပြီလတွင် ဗဟိုဘဏ်က ဘဏ်စာရင်းတွင် နိုင်ငံခြားသုံးငွေ ထားရှိသူများကို ကျပ်ပြောင်းခိုင်းခဲ့ပါသည်။
မူဝါဒသစ်အရ နိုင်ငံခြားသုံးငွေများကို ဗဟိုဘဏ်မှ ချုပ်ကိုင်ထားပြီး ဦးစားပေးစနစ်ဖြင့် တရားဝင်ငွေလဲနှုန်းဖြင့် သွင်းကုန် တင်သွင်းသူများကို ခွဲဝေပေးသည်။
ကုမ္ပဏီများသည် သွင်းကုန်များအတွက် ငွေပေးချေမှုများအပါအဝင် နိုင်ငံပြင်ပသို့ ငွေပို့ရန်အတွက် အဆိုပါကော်မတီမှ ခွင့်ပြုချက် လိုအပ်ပါသည်။
သွင်းကုန်လိုင်စင် မလွှဲမသွေ လျှောက်ထားရယူရန် လိုအပ်သော ကုန်စည်အမျိုးအမည်များကိုလည်း ထပ်တိုးခဲ့ပြီး ကုမ္ပဏီတစ်ခုချင်းအရ တင်သွင်းနိုင်မည့် တန်ဖိုးပမာဏကိုလည်း သတ်မှတ်ထားပါသည်။
အခြေအနေကို အကြောင်းသိသူ အများအပြား၏ အဆိုအရ အမှန်တကယ် လုပ်ငန်းဆောင်ရွက်ရာတွင် တရားဝင်နှုန်းဖြင့် ဒေါ်လာ ရောင်းချပေးခြင်းတွင် အားလုံးနီးပါးသည် လောင်စာဆီနှင့် စားသုံးဆီ တင်သွင်းသူများကိုသာ ပေးအပ်ရန် ကန့်သတ်ထားသည်။ ဩဂုတ်လမှစတင်၍ အခြားသွင်းကုန်အမျိုးအစား တင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များအား ဤနိုင်ငံခြားသုံးငွေ ခွဲဝေပေးသည့်စနစ်မှ တရားဝင်ဖယ်ထုတ်ခဲ့ပြီး ၎င်းတို့ကိုယ်တိုင် ဒေါ်လာရှာဖွေရယူရန် ညွှန်ကြားခဲ့သည်။
ပို့ကုန်လုပ်ငန်းရှင်များမှရရှိသော နိုင်ငံခြားငွေထဲမှ ၃၅% ကို မဖြစ်မနေ ကျပ်ပြောင်းလဲခြင်းစည်းမျဉ်းမှ ကင်းလွတ်ခွင့် ပေးလိုက်ပြီး ကုမ္ပဏီများ အချင်းချင်း ဒေါ်လာများ ရောင်းဝယ်စေခဲ့ပါသည်။
ထိုအပြောင်းအလဲနှင့် ပတ်သက်၍ ငွေကြေးကဏ္ဍမှ အရာရှိတစ်ဦးက "နောက်ဆုံးတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက အရာအားလုံးကို ထိန်းချုပ်လို့ မရဘူးဆိုတာ နားလည်သွားတယ်" ဟု ပြောသည်။
“မူဝါဒက အာဏာပိုင်တွေက မှောင်ခိုဈေးကွက်နဲ့ တရားဝင် ဈေးကွက် စျေးကွက်နှစ်ခုကို ခွင့်ပြုတဲ့ မူဝါဒအဖြစ် အကျိုးသက်ရောက်ပါတယ်။ ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် ဒေါ်လာဝယ်ရန် မတောင်းဆိုသရွေ့ မှောင်ခိုဈေးကွက်နှင့် တရားဝင်စျေးကွက်နှစ်ခုကို ခွင့်ပြုသည့်မူဝါဒဖြစ်ပြီး ငွေသားဖြင့် ဒေါ်လာရရှိရန် နည်းလမ်းများ ရှိနေစေပါတယ်"
သို့သော် ဒေါ်လာ လည်ပတ်မှုမှာ မလုံမလောက် ဖြစ်နေသဖြင့် မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေးနှုန်းများ တဟုန်ထိုး မြင့်တက်စေခဲ့ပါသည်။
ဗဟိုဘဏ်က သတ်မှတ်သည့် တရားဝင်ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဖြစ်သော်လည်း ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၇)တွင် မှောင်ခိုဈေးကွက်မှာ တစ်ဒေါ်လာလျှင် ၃,၄၀၀ မှ ၃,၆၀၀ အတွင်း တန်ဖိုးရှိသည်။
တစ်နည်းအားဖြင့်ဆိုရသော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံရေးမငြိမ်မသက်မဖြစ်မီ မြန်မာငွေတန်ဖိုး၏ ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။
ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်၏ ခိုင်မာမှုအပေါ် အလားတူခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် ဖွံ့ဖြိုးပြီး စီးပွားရေး ၇ နိုင်ငံအုပ်စုမှ ၂၈၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့်ပါရီအခြေစိုက် Financial Action Task Force (FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်းသွင်းဖို့အတွက် အဆုံးအဖြတ်ပြုမည့် အစည်းအဝေးကို နောက်လမှာ ကျင်းပမည်ဖြစ်ကြောင်း Nikkei Asia က သတင်းဖော်ပြပါသည်။
FATF အမည်ပျက်စာရင်းမှာ မြောက်ကိုရီးယားနှင့် အီရန် ၂ နိုင်ငံတည်းသာ ပါဝင်ပါသည်။
စာရင်းသွင်းဖို့ အများသဘောတူ ဆုံးဖြတ်ချက်ဖြင့် အဆုံးအဖြတ်ပြုမှာ ဖြစ်ပြီး ကန့်ကွက်တားဆီးလိုပါက အနည်းဆုံး အဖွဲ့ဝင် ၃ ဦး ကန့်ကွက်ဖို့ လိုအပ်ပါသည်။
အကယ်၍ အမည်ပျက်စာရင်းတွင် ထည့်သွင်းပါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် သို့မဟုတ် ထိန်းသိမ်းရန် နိုင်ငံ၏စွမ်းရည်ကို ပိုမိုထိခိုက်စေနိုင်ပြီး ကျပ်ငွေ တန်ဖိုး ပိုမိုကျဆင်းနိုင်ပါသည်။ ဒေါ်လာ ဝယ်ယူရရှိရဖို့ ပိုခက်ခဲလိမ့်မည်။
ဩဂုတ်လကုန်တွင် ဒေါ်လာဈေး ၄၀၀၀ ကျပ်ကျော်အထိ တက်လာပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်း စျေးကွက်အတွင်းသို့ ဒေါ်လာသန်း ၂၀၀ သွင်းေပးမည်ဟု ဗဟိုဘဏ်က ပြောသည်။
သို့သော်လည်း ဒေါ်လာရှားပါးမှုနှင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုများသည် မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်ဖွယ် မရှိပေ။
မတည်မငြိမ်သော စီးပွားရေးပတ်ဝန်းကျင်များ ဆက်လက်တည်ရှိနေမည်ဟူသော ယူဆချက်ဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းများကို စီမံခန့်ခွဲနေရသဖြင့် ကြီးထွားလာနေသော ဖိအားများ အောက်တွင် လုပ်ကိုင်နေကြသည်။
Source Asia nikkei
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U