လတ်တလောရပ်ဆိုင်းခံထားရသော စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်ကို ဂျပန် ကုမ္ပဏီတခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကာ ပြန်လည်လည်ပတ်နိုင်ရန်တင်ပြထားကြောင်း စက်မှုဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပြောသည်။
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် အထည်အလိပ်ကဏ္ဍတိုးတက်ရန် ဂျပန် နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများဖြန့်ဝေခြင်း အခမ်းအနားတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန် က “၂၀၁၆ လောက်ကနေစပြီး ဂျပန်နဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးပြီး အထက်ဌာနတွေကို JV (အကျိုးတူ ပူးပေါင်း)လုပ်ဖို့ ဆောင်ရွက်ခွင့် တင်ပြထားပြီး ကြိုးစားနေပါတယ်။ အခုအနေအထားအရတော့ နောက် ၃ လလောက်မှာတော့ စနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုဆိုသည်။
ပဲခူးတိုင်းဒေသကြီးရှိ ရွှေတောင်စက်ရုံသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်က စက်များဖြင့် လည်ပတ်နေရခြင်းဖြစ်ပြီး အချောကိုင်နည်းပညာနှင့် စက်ရုံထုတ်ကုန်များသည် နိုင်ငံခြားအရည်အသွေးကိုမယှဉ်နိုင်၍ ဂျပန်နည်းပညာဖြင့် အချောကိုင် လုပ်ငန်းများဖြင့် လုပ်ကိုင်နိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်ကာ ဂျပန် Tsuyatomo ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့စသည်ဖြင့် သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များ တောင်းခံစုစည်းကာ စီးပွားရေးရာကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)တို့သို့ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
လက်ရှိ၌ ဂျပန်ကုမ္ပဏီဘက်မှ လိုအပ်သောစက်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာများ အဆင်သင့်ဖြစ်နေပြီဖြစ်၍ ခွင့်ပြုချက်ရသည်နှင့် လုပ်ငန်းများစတင်နိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။
အဆိုပါ တင်ပြထားချက်များအရ စက်မှုဝန်ကြီးဌာနဘက်က ရင်းနှီးမြှုပ်နှံမှုအနေနှင့် ရွှေတောင်စက်ရုံရှိ လက်ရှိစက်ပစ္စည်းနှင့် အဆောက်အဦများဖြစ်ပြီး ဂျပန်ဘက်မှ လိုအပ်သောနည်းပညာများနှင့် စက်ပစ္စည်းအသစ်များကို ထည့်ဝင်ရင်းနှီးရမည်ဖြစ်ကြောင်း၊ ရရှိလာသောအကျိုးအမြတ်ကို ဂျပန်ကုမ္ပဏီဘက် ၆၀ ရာခိုင်နှုန်း၊ စက်မှုဝန်ကြီးဌာနဘက်မှ ၄၀ ရာခိုင်နှုန်း ရရှိမည်ဟု သိရသည်။
အရှုံးပေါ်နေသဖြင့် လတ်တလောရပ်ဆိုင်းထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သော စက်ရုံ ၂၈ ရုံကို လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောနိုင်ငံပိုင်စက်ရုံများ ပြန်လည်လေ့လာဆန်းစစ်သုံးသပ်ရေးအဖွဲ့က အသေးစိတ် လေ့လာခဲ့ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ထံ တင်ပြခဲ့ကြောင်း ယင်းအဖွဲ့ဝင်တဦးဖြစ်သူ ဆိပ်ကြီးခနောင်တို မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောသည်။
ထိုအစီရင်ခံစာအပေါ်အခြေခံကာ ရပ်ဆိုင်းခြင်း၊ ပုဂ္ဂလိကသို့လွှဲပြောင်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စသည့်ကိစ္စများကို ဆောင်ရွက်ရန်သင့်မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
သို့ရာတွင် ယင်းစက်ရုံများနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းက လွှတ်တော်သို့ ပြန်လည် တင်ပြလာခြင်း မရှိသေးကြောင်း၊ လွှတ်တော်သို့ တင်ပြလာလျှင် တိုင်းပြည်အတွက် အကျိုးရှိမရှိအပေါ်မူတည်ကာ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းတို့ ပြုလုပ်သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
၎င်းက ဆက်လက်၍ “လက်ရှိ အခြေအနေကနေ ပိုမိုကောင်းမွန်တဲ့ အရွေ့တခုဘက်ကို စီမံဆောင်ရွက်နိုင်တယ်ဆိုရင် ဒါကို လွှတ်တော်အနေနဲ့ ကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ကျနော်တို့အနေနဲ့လည်း ဒီလိုပဲဖြစ်စေချင်တာပေါ့။ နှစ်စဉ်အရှုံးပေါ်ပြီး အဖြေလည်းမရှိဘဲ ဒီအတိုင်းသွားနေမယ့်အစား ဂျပန်နဲ့လုပ်လုပ်၊ ကိုရီးယားနဲ့လုပ်လုပ် တရုတ်နဲ့လုပ်လုပ် တိုင်းပြည်အတွက် ဒီစီမံကိန်းတွေက ကောင်းမွန်တဲ့ အရွေ့တခုကို ရောက်လာတယ်ဆိုရင် ကျေနပ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ရွှေတောင်အထည်စက်ရုံတွင် ပိတ်မှတဆင့် ဆေးဆိုးပန်းရိုက်အထည်များ ထုတ်လုပ်သော်လည်း လက်ရှိရပ်ဆိုင်းခံထားရသည့်အတွက် ပညာရေးဝန်ကြီးဌာနကမှာယူသော ကျောင်းစိမ်းပိတ်များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ မှာယူသော ခြင်ထောင်ဇာများကိုသာ ထုတ်လုပ်နေကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက နိုင်ငံတကာ အဆင့်မီအချောထည်များ ထွက်ရှိမည်ဖြစ်၍ နိုင်ငံခြားပိတ်စများ တင်သွင်းရန်မလိုတော့ဘဲ စက်ရုံမှထုတ်သောပိတ်စဖြင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများက ချုပ်လုပ်တင်ပို့နိုင်ပြီး နိုင်ငံအတွက် ဝင်ငွေလည်းပိုရရှိနိုင်မည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ထို့ကဲ့သို့ ရပ်ဆိုင်းခံထားရသော စက်ရုံ ၂၈ ရုံမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ ၄ ရုံနှင့် စက်မှုဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ ၂၄ ရုံဖြစ်သည့် အမှတ် (၁၄) အကြီးစား စက်ရုံ (သာဂရ)၊ အမှတ်(၁၅) အကြီးစား စက်ရုံ(သာဂရ)၊ အမှတ် (၁၆) အကြီးစား စက်ရုံ (ဆင်တဲ)၊ အမှတ်(၁၇) အကြီးစားစက်ရုံ(မလွန်)၊ အမှတ် (၁) သံမဏိ စက်ရုံ (မြင်းခြံ)၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) တို့ ဖြစ်ကြသည်။
ထို့ပြင် ရော်ဘာပစ္စည်း စက်ရုံခွဲ (သင်္ဃန်းကျွန်း)၊ အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်) အမှတ် (၂၆) အကြီးစားစက်ရုံ(သာဂရ) အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၊ မှန်ထုတ်လုပ်ရေး (ပုသိမ်)၊ ပလက်စတစ်စက်ရုံ (ကျောက်ဆည်)၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၊ အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)၊ အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ်(၆) အထည် စက်ရုံခွဲ(မုံရွာ)၊ အမှတ်(၇) အထည်စက်ရုံ (မြစ်သား)၊ အမှတ်(၈) အထည်စက်ရုံ (ပျော် ဘွယ်)၊ အမှတ်(၈) အထည် စက်ရုံခွဲ (ရမည်းသင်း)၊ အမှတ် (၁၀) အထည်စက်ရုံ (တောင်သာ) ၊ အထည်စက်ရုံခွဲ(မြင်းခြံ၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း) တို့ ဖြစ်ကြောင်း သိရသည်။
Source: irrwaddy