သီးနှံအာမခံအတွက် အကျိုးတူစနစ်ဆောင်ရွက်တဲ့ အဖွဲ့များနဲ့ MoU ရေးထိုးမည်


19 March, 2019

သီးနှံအာမခံစနစ်အတွက် Global World Insurance အာမခံကုမ္ပဏီက အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming) ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနဲ့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ Global World Insurance ကုမ္ပဏီကို စပါးသီးနှံအာမခံဆောင်ရွက်ဖို့  ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စမ်းသပ်ကာလအဖြစ် ၂ နှစ်ဆောင်ရွက်ရန် တရားဝင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အခု စမ်းသပ်ကာလဒုတိယနှစ်မှာ Contract Farming ပြုလုပ်တဲ့အဖွဲ့များနဲ့ MoU ရေးထိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်ရှိစမ်းသပ်ဆောင်ရွက်နေတဲ့ သီးနှံအာမခံစနစ်ဟာ အထွက်နှုန်းကိုအခြေခံတဲ့ အာမခံအမျိုးအစားဖြစ်ပြီး အခုနှစ် နွေစပါးစိုက်ပျိုးချိန်ရာသီအထိ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးဧက ၃၀၀ ခန့်ကို ယင်းကုမ္ပဏီမှ လက်ခံထားပါတယ်။

သီးနှံအာမခံကို စမ်းသပ်ကာလအတွင်း ရောင်းချရာမှာ စပါးတစ်ဧကအထွက်နှုန်းကို တင်း ၅၀ နဲ့သတ်မှတ်ကာ စပါးတစ်ဧကကို တစ်နှစ်စာပရီမီယံ ကျပ်ငါးထောင်နှုန်းဖြစ်ပြီး အချို့ဒေသတွေမှာ စပါးအထွက်နှုန်းသတ်မှတ်ချက် အပြောင်းအလဲရှိနိုင်တယ်လို့ ကုမ္ပဏီမှပြောပါတယ်။

သီးနှံအာမခံစနစ် စမ်းသပ်ဆောင်ရွက်ရာမှာ အမျိုးသားအဆင့် သီးနှံအာမခံကော်မတီဖွဲ့စည်းဖို့အပြင် သီးနှံအာမခံဥပဒေနဲ့ သီးနှံတစ်ဆင့်အာမခံတို့ လုပ်ကိုင်ဖို့ လိုအပ်တယ်လို့ ယင်းကုမ္ပဏီမှပြောပါတယ်။

The Voice
 

Local News Read 311 times