ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဆိုးထုတ်လွှတ်မှု မြင့်တက်လာသည်နှင့်အမျှ တချို့သောရေချိုအရင်းအမြစ်များသည် အချည်ဓာတ်ဖြစ်ပေါ်မှု မြန်လာပြီး ငါးကောင်ရေနှင့် ရေအရည်အသွေးအပေါ် စိုးရိမ်စရာ ပိုတိုးလာကြောင်း ဂျာမန်သိပ္ပံပညာရှင်များ ပြုလုပ်ခဲ့သည့် သုတေသန တစ်ခုအရ သိရပါသည်။
ကမ္ဘာ့ရေထုတွင် ရေချိူ တစ်ရာခိုင်နှုန်းသာ ပါ၀င်ပြီး ရေချိုငါးများမှာ ငါးစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းအထိရှိနေသည်။
ကမ္ဘာတွင် ရေချို ရ၀ ရာခိုင်နှုန်းကို သွင်းရေ၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းများအပါအဝင် လယ်ယာကဏ္ဍအတွက် အသုံးပြုနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ချုပ်(FAQ)ကထုတ်ပြန်သည်။
ရှေးရုပ်ကြွင်းလောင်စာဆီများလောင်ကျွမ်းရာမှ ကမ္ဘာ့သမုဒ္ဒရာများတွင် ဓာတ်ငွေ့ဆိုးပါ၀င်မှု မြင့်တတ်လာသဖြင့် ရေချဉ်နှုန်းမြန်ဆန်လာပြီး ဇီဝမျိုးကွဲပျက်ဆီးခြင်း၊ ရေနေသတ္တဝါ ဖြစ်ထွန်းမှု နည်းလာခြင်းနှင့် မျိုးသုဉ်းပျောက်ကွယ်နိုင်ချေမြင့်လာခြင်း စသောခြိမ်းခြောက်မှုများရှိနေကြောင်းယခင်လေ့လာမှုများစွာက သတိပေးခဲ့ဖူးသည်။
သို့သော် ယခင်တစ်ပတ်ထုတ် ဇီဝဗေဒဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသနသည် ရေချိုအရင်းအမြစ်များ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရေချိုဂေဟစနစ်များတွင်လည်း အချဉ်ဓာတ်ဖြစ်ပေါ်မှုများနေကြောင်း ဖော်ပြထားပါသည်။
သိပ္ပံပညာရှင်များသည် ဂျာမနီနိုင်ငံရှိ ဆည်ကြီးလေးခုအတွင်း၌ ၁၉၈၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လေ့လာခဲ့သော ကိန်းဂဏန်းအချက်အလက်များကို ပြန်လည်ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။
ထိုလေ့လာမှုများမှ ရေအတွင်း ကာဘွန်ဒိုင်အောက်ဆိုဒ် ပါ၀င်မှု ဆက်တိုက်မြင့်တက်လာကြောင်းနှင့် ရေချဉ်ပြစံနှုန်းထားမှာလည်း သုညဒသမ ၃ မှတ်အထိ မြင့်တက်လာကြောင်းတွေ့ရှိခဲ့သည်ဟု သုတေသန ဦးဆောင်စာရေးသူ တစ်ဦးကပြောသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ် မြင့်တက်လာခြင်းကြောင့် ငါးများအတွက် အရေးပါသည့် အစားအစာရင်းမြစ်ဖြစ်သော ရေလှေးများကို ပျက်ဆီးစေကြောင်း ပညာရှင်များက ပြောသည်။
ရေချိုအချဉ်ပေါက်ခြင်းကြောင့် ပထမဆုံးကြုံတွေ့ရမည့် ပြဿနာမှာ ရေအရည်အသွေးနိမ့်ကျလာမှုဖြစ်ပြီး အဆိပ်အတောက် ထုတ်လွှတ်သည့် ဘက်တီးရီးယားတစ်မျိုးမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် မြင့်မားသောရေချိုတွင် ရှင်သန်လေ့ရှိကြောင်း Winnipeg တက္ကသိုလ်မှ အကူပါမောက္ခတစ်ဦးကပြောပါသည်။
ကုန်းတွင်းမြစ်ချောင်းအင်းအိုင်များတွင် ရေအချဉ်ပေါက်ခြင်းကြောင့် ဖြစ်နိုင်သည့် ဂေဟဆိုင်ရာနှင့် စီးပွားရေးရာ အကျိုးသက်ရောက်နိုင်မှုများကို အကဲဖြတ်နိုင်ရန် လေ့လာမှုသစ်များ လိုအပ်နေသေးကြောင်း ပညာရှင်များက ပြောပါသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးရေချိုအရင်းအမြစ်ဖြစ်သော မြောက်အမေရိကတိုက်ရှိ လောရင်တီယန် ရေကန်ကြီးများ၌ ၂၀၁၅ ခုနှစ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာတွင် သမုဒ္ဒရာများနှင့် ရေအချဉ်ဓာတ် ပြောင်းလဲမှုနှုန်း တူညီနေသည်ကို တွေ့ရပါသည်။
ယခုလေ့လာမှုနှင့် ရလဒ်ချင်းမတူညီသည်မှာ ရေထုပမာဏနှင့် တည်နေရာ ကွာဟချက်ကြောင့်ဖြစ်နိုင်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် အလားတူလေ့လာ ဆန်းစစ်ချက်တွေပြုလုပ်နိုင်မှသာ တစ်ကမ္ဘာလုံးအတိုင်းအတာအလိုက်ဖြစ်ခြင်း သို့မဟုတ် နေရာဒေသအလိုက်ဖြစ်ခြင်း ဆိုသည်ကို သိနိုင်မည်ဟု Weiss ကဆိုပါသည်။