ရေးမြို့နယ် ကဗျာဝကမ်းခြေတွင် ပုံစံတူဆိုင်ခန်းများတည်ဆောက်မည်


23 May, 2018

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကမ်းခြေမှာ ပုံစံတူ ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ရှိတဲ့အတွက် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ပျံကျဆိုင်ခန်းတွေ ဖျက်သိမ်းရဖို့ရှိနေကြောင်း သိရပါသည်။

ခေါဇာမြို့အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်တဲ့ ကဗျာဝပင်လယ်ကမ်းခြေ သဘာဝဝန်းကျင်သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီနဲ့ ပျံကျဈေးဆိုင်ခန်းပိုင်ရှင်တွေ တွေ့ဆုံခဲ့ကြပြီး ပျံကျဈေးဆိုင်ခန်းတွေကို သဘောတူ လက်မှတ်ရေးထိုးစေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကဗျာဝပင်လယ်ကမ်းခြေ သဘာဝဝန်းကျင်သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ခေါဇာမြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဆောက်လုပ်မယ့် ဆိုင်ခန်းတွေအတွက် စနစ်တကျ စီမံချက်ရေးဆွဲပြီး သက်ဆိုင်ရာကို ပြန်လည်တင်ပြသွားမယ်ဖြစ်ပြီး အမိန့်ကျလာတဲ့အခါ ပျံကျဈေး ဆိုင်ခန်းတွေကို ဖျက်သိမ်းစေပြီးတော့ စနစ်တကျ ပြန်လည်ဆောက်လုပ်မယ့် ဆိုင်ခန်းတွေမှာ နေရာချသွားမှာဖြစ်တယ်လု့ိ ပြောခဲ့ပါသည်။

ဆိုင်ခန်းတွေ ဆောက်လုပ်တာအပါအဝင် ကမ်းခြေ သာယာလှပရေးအစီအမံရှိပြီးသားဖြစ်တဲ့အတွက် ကျူးကျော်ဆိုင်ခန်းတွေ ထပ်မတိုးပွားလာစေဖို့နဲ့ ကမ်းခြေ ပိုမိုစည်ကားလာစေရေး၊ ဈေးဆိုင်ခန်းတွေက ခရီးသည် အလုအယက် မခေါ်ကြစေရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရောင်းချဖို့အတွက်ကိုလည်း ကော်မတီအနေနဲ့ ကြီးကြပ်ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါသည်။

ကမ်းခြေမှာ မိမိပိုင်မြေတွေမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၀ ခန်းနဲ့ ပျံကျကျူးကျော်ဆိုင်ခန်း ၁၅ ခန်းလောက်ရှိကာ အဲဒီကမ်းခြေကို အခါကြီးရက်ကြီးတွေမှာ အပတ်စဉ် လူပေါင်း ထောင်ချီ လာရောက်လည်ပတ်နေကြောင်း သိရပါသည်။

 DVB

Local News Read 644 times