စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်


15 November, 2018

စင်ကာပူနိုင်ငံအခြေစိုက် အရည်အသွေးမြင့် ဆန်ထုတ်လုပ်လျက်ရှိသော Golden Sunland, Food & Beverage ကုမ္ပဏီသည် တစ်နှစ်လျှင် ဆန်တန်ချိန် ၅ဝ,ဝဝဝ အထိ ကြိတ်ခွဲထုတ်လုပ်နိုင်သော အကြီးစားဆန်စက်ကို နေပြည်တော်တွင် စတင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။အဆိုပါ ဆန်စက်ကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် လယ်ဝေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

''တစ်နှစ်ကို ဆန်တန်ချိန် ၅ဝ,ဝဝဝ ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ ပြောတယ်''ဟု နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။Golden Sunland သည် မြန်မာနိုင်ငံရှိ စပါးမျိုးရင်းဖြစ်သော ရွှေဝါထွန်းစပါးမျိုးနှင့် မျိုးစပ်ဖော်ထုတ်ထားသည့် ရွှေဝါဝင်းစပါးမျိုးသစ်ကို ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ဧက ၁၅,ဝဝဝ ကျော်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 ''အဲဒီစက်ရုံနဲ့ လက်လှမ်းမီတဲ့ ရွာတွေပေါ့ဗျာ။ ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေတောင် အကျိုးတူလယ်ယာ (Contract Farming) စနစ်နဲ့ စိုက်ပျိုးသွားမယ့်အထဲမှာ ပါဝင်လာနိုင်ပါတယ်''ဟု ဦးမျိုးဇော်ဦးက ပြောသည်။ထိုကဲ့သို့ တောင်သူများ အကျိုးတူ စိုက်ပျိုးနိုင်သည့်အခွင့်အလမ်း ရရှိလာခြင်းဖြင့် ဝင်ငွေတိုးတက်လာမည်ဖြစ်ကာ တောင်သူရော၊ နိုင်ငံပါ အကျိုးရှိစေမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Golden Sunland ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပသည့်ဓာတ်ပုံများ တင်ထားသကဲ့သို့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့်လည်း တစ်နှစ်လျှင် တန်ချိန် ၅ဝ,ဝဝဝ ထုတ်လုပ်နိုင်သွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းမြှုပ်နှံသွားမည်ဟု ကုမ္ပဏီဘက်က ဆိုထားသည်။ဒေသခံလယ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဝင်းကလည်း contract farming စနစ်ကို ဂဃနဏ မသိသေးသည့်တိုင် အရည်အသွေးကောင်းသော မျိုးစေ့၊ နည်းပညာနှင့် ခိုင်မာသောဈေးနှုန်းတို့ ရရှိမည်ဖြစ်သောကြောင့် အကျိုးတူလယ်ယာစနစ်ကို စိတ်ဝင်တစားရှိနေကြောင်း ပြောသည်။

''အကျိုးတူဆိုလား ကန်ထရိုက်ဆိုလား သေချာတော့ မသိဘူးဗျ။ ကြားရသလောက်ဆို ကုမ္ပဏီက မျိုးစေ့နဲ့ ချေးငွေပေးမယ် ပြောတယ်။ ပြီးတော့ ဈေးနှုန်းကိုလည်း အာမခံမယ်လို့ ကြားတယ်။ တကယ်လို့သာ အဲဒီလိုဖြစ်လာရင်တော့ အရမ်းကောင်းတာပေါ့ဗျာ''ဟု ၎င်း၏ အမြင်ကိုပြောသည်။တောင်သူများသည် သီးနှံအထွက်နှုန်း မသေချာမှုအတွက် စိုးရိမ်မူများရှိနေသကဲ့သို့ ဈေးနှုန်းမတည်ငြိမ်မှုအတွက်ကိုပါ စွန့်စားနေရလျက်ရှိရာ အကျိုးတူလယ်ယာ (contract farming) စနစ်သည် ၎င်းတို့အတွက် အပြုသဘော ဆောင်လာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။

 

Investment/Divestment Read 2612 times