ပြည်တွင်းထုတ်လုပ်မှုနဲ့ စားသောက်ကုန်လိုအပ်ချက်အနက် ၃၀ % ကို ဖြည့်ဆည်းပေးနိုင်ဖို့ စင်ကာပူမျှော်မှန်း


22 March, 2019

စင်ကာပူနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် နိုင်ငံရဲ့ စားသောက်ကုန် လိုအပ်ချက်အနက် သုံးပုံတစ်ပုံနီးပါးကို ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီစီမံချက်ထဲမှာ ဖန်လုံအိမ်တွေအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနဲ့ ပင်လယ်ပြင်အတွင်း ထိန်းချုပ်ဧရိယာတွေနဲ့ ငါးမွေးမြူခြင်းတို့ ပါဝင်လာမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီး Masagos Zulkifli က ဒီစီမံချက်အရ သီးနှံထုတ်လုပ်မှုမြှင့်တင်ဖို့ ဖြေရှင်းတဲ့နည်းလမ်းသစ်တွေ လိုအပ်လာပြီး လယ်ယာစားသောက်ကုန်လုပ်ငန်းတွေအနေနဲ့လည်း သုတေသနဆောင်ရွက်ပြီး ရာသီဥတုဒဏ်ခံနိုင်ကာ ရင်းမြစ်နည်းနည်းနဲ့ ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရမယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဝန်ကြီးက အနာဂတ်မှာ တောင်သူတွေဟာ သက်သက်သာသာ အခြေအနေမှာ ကွန်ပျူတာစနစ်တွေကို အသုံးပြုပြီး လုပ်ဆောင်လာကြလိမ့်မယ်လို့ပြောပါတယ်။

ဆီမာကူကျွန်းပင်လယ်ပြင်မှာ အကန့်တွေစီမံကာ ငါးမွေးမြူရေးုလုပ်ဆောင်နေတဲ့ Barramundi Asia လုပ်ငန်းမှာ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဆိုပါနည်းပညာနဲ့ ငါးရောဂါကာကွယ်ရေးလုပ်ငန်းကို တစ်နာရီ ကောင်ရေ ၉၀၀၀ အထိပြုလုပ်နိုင်ပြီး လူအားနဲ့ လုပ်ဆောင်ပါက တစ်နာရီ ကောင်ရေ ၆၀၀ သာ ပြီးစီးနိုင်ပါတယ်။

ကြက်ဥလုပ်ငန်းတစ်ခုဖြစ်တဲ့ N & N Agriculture ကလည်း ကြက်ဥသေတ္တာတွေ ဆေးကြောခြင်း၊ ကြက်ဥဗန်းတွေ ပြင်ဆင်ခြင်းနဲ့ ထုပ်ပိုးခြင်းတွေကို အလိုအလျောက်စနစ်နဲ့ အပြည့်အဝ ဆောင်ရွက်နေရာ လုပ်သားထောင်ပေါင်းများစွာ သက်သာစေပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ၂၀၅၀ ပြည့်နှစ်ရောက်ရင် လေးပုံတစ်ပုံအထိ ကျဆင်းလာနိုင်တယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံပေါင်းစုံအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် အစားအစာ ၉၀ ရာခိုင်နှုန်း တင်သွင်းနေရတဲ့ စင်ကာပူအနေနဲ့ ကမ္ဘာ့စားသောက်ကုန်ဈေးကွက် မတည်မငြိမ်ဖြစ်လာချိန်မှာ ခံနိုင်ရည်ပိုရှိဖို့ လိုအပ်လာပါတယ်။

စင်ကာပူဟာ အစားအစာလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှု၊ ပြည်ပထုတ်လုပ်မှုနဲ့ ပြည်ပနိုင်ငံတွေမှ ဝယ်ယူမှုစတဲ့ နည်းလမ်းသုံးသွယ်နဲ့ ဖြေရှင်းနေရာ ရာသီဥတုပြောင်းလဲလာချိန်မှာ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးဟာ အရေးပါလာပါတယ်။

The Farmer Myanmar

Global News Read 357 times