စင်ကာပူနှင့်ဂျပန်နိုင်ငံတို့သည် စီးပွားရေးနှင့် တရားဝင် ခရီးသွားလာခြင်းအတွက် အပြန်အလှန် အစိမ်းရောင်လမ်းကြောင်း (green lane)ကို စက်တင်ဘာ ၁၈ ရက်တွင် စတင်မည်ဟု အစိုးရနှစ်ရပ် ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအစီအစဉ်အရ ခရီးသွားခွင့်ရှိသူများသည် ၁၄ ရက်ကြာ သီးခြားနေထိုင်ရန် မလိုအပ်ချေ။ သို့သော် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးအတွက် မထွက်ခင်နှင့် ဆိုက်ရောက်ပြီးချိန်တို့တွင် တင်းကျပ်သော ဆေးစစ်မှုကို မလွဲမသွေ ခံယူရမည် ဖြစ်သည်။ ထို့ပြင် ရောက်ရှိသည့် နိုင်ငံတွင် ပထမပထမ ၁၄ ရက်အတွင်း သွားလမည့် ခရီးစဉ်ကို ထိန်းချုပ်မှု ထားရှိမည် ဖြစ်သည်။
အစိမ်းရောင်လမ်းကြောင်း (green lane)ဟုခေါ်သည့် ဤအစီအစဉ်သည် ဂျပန်နှင့် အခြားနိုင်ငံများအကြား ပထမဆုံးအကြိမ် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုသို့ ခရီးသွားလာရန် ခွင့်ပြုပေးခြင်းသည် စီးပွားရေးပြန်လည်ထူထောင်ရေးကို အထောက်အကူပြုလိမ့်မည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“ ဂျပန်က နိုင်ငံတကာခရီးသွားလာမှုတွေကို တဖြည်းဖြည်း ပြန်လည်စတင်တာအတွက် ဒါဟာအရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကပြောကြားခဲ့သည်။ "ဂျပန်နဲ့ စင်ကာပူတို့အကြား အလုပ်ကိစ္စဖြင့် ခရီးသွားလာရေးဟာ ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး logistics ကဏ္ဍတွေအတွက် အလွန်လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။
စင်ကာပူသည် ဘရူနိုင်း၊ မလေးရှားနှင့်တောင်ကိုရီးယားအပါအဝင် အခြားနိုင်ငံများနှင့် ခရီးသွားလာရန်လမ်းကြောင်းများ အစောပိုင်းက ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ဂျပန်သည် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်ဝမ်တို့နှင့် ခရီးသွားလာရန်လမ်းကြောင်းများ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း ဆိုက်ရောက်လာသူသည် အိမ်တွင်ဖြစ်စေ၊ အခြားသတ်မှတ်ထားတဲ့နေရာတွင် ဖြစ်စေ မလွဲမသွေ အသွားအလာကန့်သတ်ပြီး ၁၄ ရက် နေထိုင်ရန် လိုအပ်ကြောင်း ပြဌာန်းထားသည်။
bangkokpost