မြန်မာနိုင်ငံတွင် ကန်ဒေါ်လာသန်း နှစ်သောင်းကျော် ရင်းနှီးမြှုပ်နှံထားသည့် စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်ဖြတ်၍ ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် နှစ် ၃၀ ကျော်အတွင်း ပထမဦးဆုံး ရောက်ရှိလာပါတယ်။
ယခုနှစ် ဇန်နဝါရီလကုန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၂၀,၆၇၄ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ၂၀,၃၇၁ သန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားပါတယ်။
၁၉၈၈ မှ ၂၀၁၈ နှစ်ကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံသည် မြန်မာ၌ ကန်ဒေါ်လာ ၂၀,၃၅၃ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး စင်ကာပူနိုင်ငံက ကန်ဒေါ်လာ၂၀,၃၃၇ သန်းဖြင့် ဒုတိယအများဆုံးနေရာတွင် တည်ရှိခဲ့ပါတယ်။ ၂၀၁၉ ဇန်နဝါရီလကုန်တွင် စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၃၃၆ သန်း ဝင်ရောက်ပြီး တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁၈ သန်း ဝင်ရောက်ခဲ့ပါတယ်။
စင်ကာပူသည် မြန်မာနိုင်ငံသို့ ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၇၂၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၁ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ဘီလီယံ၊ ၂၀၁၅-၁၆ တွင် ၄ ဒသမ၂ ဘီလီယံဝင်ရောက်ခဲ့ပါတယ်။ ထိုပမာဏများသည် နှစ်အလိုက် မြန်မာနိုင်ငံတွင် အများဆုံးဝင်ရောက်သည့် ပမာဏများဖြစ်ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၃၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၄၈၀ ကျော်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ဝင်ရောက်ခဲ့ပါတယ်။
iMyanmar House