Singapore Petroleum Company (SPC) စက်သုံးဆီဆိုင် စတင်ဖွင့်လှစ်


30 March, 2019

Singapore Petroleum Company (SPC) နှင့် Shwe Taung Energy ကုမ္ပဏီတို့ပူးပေါင်း၍ပြည်တွင်းစက်သုံးဆီလက်လီဈေးကွက်သို့ စတင်ဝင်ရောက်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
ယင်းသို့ဝင်ရောက်ရောင်းချနိုင်ရန် SPC ၏ ပထမဆုံး Service Station ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်တွင် မတ်လ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။

ယင်းရုံးမှ ပြည်တွင်း၌ အရည်အသွေးကောင်းမွန်ပြီး စိတ်ချယုံကြည်ရသည့် စက်သုံးဆီများနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း SPC က ဆိုသည်။

"စင်ကာပူနိုင်ငံရဲ့ အောင်မြင်ထင်ရှားတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာလည်း စင်ကာပူနိုင်ငံရှိ SPC Station တွေမှာ ရရှိနိုင်တဲ့ အရည်အသွေးစံချိန်အတိုင်း စက်သုံးဆီနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးပေးစွမ်းသွားပါမယ်" ဟု SPC အုပ်ချုပ်မှုဒါရိုက်တာ Mr.Xia Hongwei က ပြောကြားသည်။

စင်ကာပူနိုင်ငံအခြေစိုက် Singapore Petroleum Company (SPC) ကို ၁၉၆၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံထုတ်ကုန်များကို ကုန်သွယ်ရောင်းဝယ်သည့် ကုမ္ပဏီတစ်ခုဖြစ်ကာ စင်ကာပူနိုင်ငံ၏ စက်သုံးဆီလက်လီဈေးကွက်တွင် တတိယမြောက်ဈေးကွက်ပိုင်ဆိုင်မှု အများဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။

လတ်တလောပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း နှစ်သစ်ကူးရုံးပိတ်ရက် နီးကပ်လာခြင်းနှင့်အတူ ပြည်ပဈေးမှာလည်း တဖြည်းဖြည်းမြင့်တက်ခြင်းတို့ကြောင့် သီတင်းတစ်ပတ်လျှင် စက်သုံးဆီတစ်လီတာလျှင် ၅ ကျပ်မှ ၁၀ကျပ်ခန့် တဖြည်းဖြည်းဈေးတက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

The Voice

Local News Read 582 times