စင်ကာပူအခြေစိုက် SME လုပ်ငန်းတစ်ခုမှ ချေးငွေ ဒေါ်လာသန်း ၁၀၀ ကျော် ထုတ်ချေးရန်ဆောင်ရွက်နေ


28 May, 2018

စင်ကာပူအခြေစိုက် Hayman Capital အသေးစား ငွေကြေးလုပ်ငန်းသည် လာမည့် ငါးနှစ်အတွင်း ပြည်တွင်း၌ အမေရိကန် ဒေါ်လာသန်း ၁၀၀ ထပ်မံထုတ်ချေးရန်စီစဉ်နေပြီး ယင်းကဲ့သို့ထုတ်ချေးနိုင်ရန် လက်တွဲဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေကြောင်း ယင်းလုပ်ငန်း၏တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

လက်ရှိတွင် ပြည်တွင်းရှိ လူဦးရေ ကိုးသောင်းကျော်သို့ ကျပ် ၃၄ ဘီလီယံ ထုတ်ချေးပေးထားကြောင်း ချေးငွေတွေကို ပိုချေးပေးနိုင်ဖို့ ရင်းနှီးမြှုပ်နှံမယ့်သူကို ရှာဖွေနေကြောင်း၊ ချေးငွေတွေကို ယခုထက် ပမာဏတိုးပြီးချေးနိုင်မည့် အစီအစဉ်တွေလည်းပြုလုပ်နေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

လက်ရှိတွင် အနည်းဆုံးတစ်သိန်းကျပ်မှ အများဆုံးကျပ်သိန်း ၅၀ အထိ ထုတ်ချေးနေပြီး ချေးငွေယူသူ၏ ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း၊ အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေကာလသည့် ခြောက်လမှ ၁၈ လအထိဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ချေးငွေ အချိန်မီပြန်လည်မပေးဆပ်နိုင်သူများကို နှစ်လအတွင်း ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ပြီး သုံးလမြောက်တွင် ဥပဒေကြောင်းအရ ဖြေရှင်းသည်ဟု ၎င်းကပြောခဲ့ပါသည်။

လက်ရှိတွင် ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ရုံးခြောက်ခု ဖွင့်လှစ်ထားပြီး ယခုနှစ်ကုန်၌ မကွေး၊ စစ်ကိုင်းတိုင်း၊ ရှမ်း၊ ကရင်နှင့် ကယားပြည်နယ်တို့တွင် ရုံးခွဲ ခုနစ်ခုထပ်မံ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခုနှစ် အောက်တိုဘာတွင် အွန်လိုင်းမှ ချေးငွေလျှောက်ထားနိုင်သည့်စနစ်ကို အကောင်အထည်ဖော်နိုင်ရန်မျှော်လင့်ထားကြောင်း ၎င်းကပြောခဲ့ပါသည်။

Hayman Capital ကို ၂၀၁၅ တွင် စတင်တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်၁၃ ဘီလီယံဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။

7 Day Daily

Banking & Loan Read 1228 times